မော်လမြိုင်၊ အောက်တိုဘာ ၁၃
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် မဖြစ်ခင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ် လျော့ပါး သက်သာစေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အချို့နှစ်များ၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရပြီး အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ပေးခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးမှ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပေးခြင်းအပြင် မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ခြင်း အစီအစဉ်များကို ရေးဆွဲ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာ၀ဘေးလျော့ပါးရေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသားချင်း စာနာမှု အကူအညီများပေးခြင်း၊ ကာလရှည်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရပ်ရွာ လူထုရဲ့ လိုအပ်ချက်နဲ့ ပူးပေါင်းပါ၀င်ခြင်းများကို ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ကြီးက အထူးအလေးပေး ဖော်ပြထားကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေး အတွက် ချမှတ်ထားတဲ့ ဆန်ဒိုင်းမူဘောင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကဲ့သို့ ကမ္ဘာ့နိုင်ငံများအသီးသီးက ချမှတ်ထားတဲ့ မူဘောင် ရည်မှန်းချက်များကို ဒေသတွင်းအဆင့်နှင့် နိုင်ငံတော်အဆင့် ဦးစားပေးလုပ်ငန်း တွေမှာ ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုကြောင်း၊ ဒေသခံပြည်သူများအနေနဲ့ သဘာဝဘေးလျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိန်းမှုများ၊ သဘာဝအရင်းအမြစ်များ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော ပြည်နယ်ဖြစ်စေရေးတို့အတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲ (Head of UNDRR) Ms.Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် ပြောကြားသော သတင်းစကား Video နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် Video တို့အား ပြသခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓါတ်ပုံများနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်သူ့ဆေးရုံကြီးများရှိ မျက်စိကုဌာန များတွင် အတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ မကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲခြင်း ဆီးချို/သွေးချိုရောဂါသည်များ၏ အမြင်အာရုံမထိခိုက်စေရန် ကုသမှုပေးခြင်းနှင့် မျက်စိ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မျက်စိအထူးကုဆရာဝန်များ၊ သူနာပြုများ၊ မျက်မှန်ကျွမ်းကျင်များကို တိုးမြှင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျေးရွာများအထိကွင်းဆင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်နိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို ရရှိခဲ့ပြီး မွန်ပြည်နယ်တွင်လည်း မရှိ၍ မလင်းသူမရှိစေရ အစီအစဉ်ဖြင့် ယနေ့အချိန်အထိ မျက်စိဝေဒနာရှင်ပေါင်း (၂၂၈) ဦးအား အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မျက်စိရောဂါဝေဒနာသည်များ လျော့နည်းပပျောက်စေရေး ပြည်သူတစ်ရပ်လုံးအနေနဲ့ မျက်စိကျန်းမာရေးကို အလေးထားပြီး ဆောလျင်စွာ စမ်းသပ်စစ်ဆေးခံယူကြရန်နှင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အထိမ်းအမှတ် အခမ်းအနားတွင် မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိ စမ်းသပ်၊ ကုသပေးခြင်းကို လာရောက်ကူညီပံ့ပိုးပေးသော ရွှေမျက်မှန်ပရဟိတအသင်းမှ ဒေါက်တာကောင်းစံနှင့် အဖွဲ့အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့၍ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိ စမ်းသပ်၊ ကုသပေးခြင်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။









