Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်တက္ကသိုလ် နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနား နှင့် ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်တက္ကသိုလ် နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနား နှင့် ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်    ဇွန်    ၁၃

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် နှစ် (၇ဝ) ပြည့်အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ရှေ့ မြေကွက်လပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မော်လမြိုင် တက္ကသိုလ် ကျောင်းသားဟောင်းများ၊ မော်လမြိုင်တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ဒီကနေ့ဟာ ကျောင်းသားကျောင်းသူ မောင်တို့ မယ်တို့ တက်ရောက်ပညာသင်ကြားနေတဲ့ မော်လမြိုင်တက္ကသိုလ်ကြီးကို လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်၊ ဇွန်လ၁၃ရက်က တည်ထောင်ခဲ့တာနှစ် (၇၀) ပြည့်ပြီဖြစ်လို့အခုလိုအမှတ်တရ အခမ်းအနားများကို ကျောင်းသားဟောင်းများနဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ကျင်းပတာဟာ တက္ကသိုလ်ကြီးရဲ့ကျေးဇူးကို သိရှိနားလည်မှာဖြစ်ကြောင်း၊ တက္ကသိုလ်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ စိန်ပန်းပင်များနှင့် မြန်မာသစ်ပင်များထဲမှာ နှစ်ရှည်ပင်ဖြစ်သည့် တန်ဖိုးလည်းရှိ ခိုင်မာမှုလည်း အားကောင်းသည့် ကျွန်းပင်များကို စိုက်ပျိုးမှာဖြစ်ပြီး နှစ်စဉ် မိုးရာသီမှာ မြန်မာနိုင်ငံတွင် သစ်ပင်စိုက်ပျိုးကြတာဟာ မြန်မာလူမျိုးတွေရဲ့ အစဉ်အလာတစ်ရပ်ဖြစ်ကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်း ကောင်းမွန်သော အလေ့အထဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်အပေါင်းတို့၏ ဘဝအတွက်အရေးပါတဲ့အသိပညာ၊ အတတ်ပညာရပ်တွေကို သင်ကြားပေးလိုက်တဲ့ တက္ကသိုလ်ကြီးရဲ့ မွေးနေ့မှာ စုပေါင်းပြီး အမှတ်တရအနေဖြင့် တက္ကသိုလ်၏ အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးကြတာ ဖြစ်လို့ အစဉ်အလာ ထိန်းသိမ်းခြင်းကို အလေးပေးဖော်ပြရာ ရောက်ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်တည်ထောင်ခြင်း နှစ် (၇၀) ပြည့်မှသည် နောင်လာမဲ့နှစ်ပေါင်းများစွာအထိ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ ပညာရပ်ဝန်း တက္ကသိုလ်ကြီး စိမ်းလန်းသာယာလှပစွာဖြင့် တည်တံ့ပါစေကြောင်း ပြောကြားသည်။

ထိုနောက် မော်လမြိုင်တက္ကသိုလ်နှစ် (၇၀) ပြည့်အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သစ်အမျိုးအစားများဖြစ်သော ကျွန်းပင်နှင့် စိန်ပန်းပင်များ စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူ များမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုး နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်  ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ မော်လမြိုင်တက္ကသိုလ်နှစ် (၇၀) ပြည့်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို မော်လမြိုင်တက္ကသိုလ် ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တောင်ဝိုင်းတောင်ပတ်လမ်း ပခုက္ကူကျောင်း၊ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်၊ အရှင်သူများများထံ လှူဖွယ်ဝတ္ထု ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ကြကာ တောင်ဝိုင်းတောင်ပတ်လမ်း ပခုက္ကူကျောင်း၊ ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစ ုတို့အတွက် ရေစက် သွန်းချ အမျှ ပေးဝေခဲ့ကာ  အခမ်းအနားကို ‘ ဗုဒ္ဓသာသနံ စိရံတိဌတု ‘ သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက ဆရာတော်၊သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ SunShine Hotel၌ ကျင်းပပြုလုပ်သည့်  (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား  ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံဂုဏ်ဆောင် ဆုရရှိကြသည့် နည်းပြနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အားကစားသည် နိုင်ငံသူ ၊ နိုင်ငံသားများရဲ့ စိတ်နှလုံးကို ဆွဲဆောင် သိမ်းသွင်းနိုင်ခြင်း ၊ နိုင်ငံဂုဏ် ၊ အမျိုးဂုဏ် ၊ ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓာတ် ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့ နိုင်ငံရဲ့ အားကစား အဆင့်အတန်းကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ၊ အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ ၊ နိုင်ငံ တစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးဖြစ်ကြောင်း၊ ဒီပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် မွန်ပြည်နယ်မှ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်မှ နည်းပြနှင့် အားကစားသမား(၉)ဦးက ရွှေတံဆိပ်(၂)ဆု ၊ ငွေတံဆိပ် (၄)ဆု ၊ ကြေးတံဆိပ်(၄)ဆုရရှိအောင် နိုင်ငံ အတွက် စွမ်းဆောင်ပေးသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများသည် မိမိတို့ရဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ် လေ့ကျင့်မှု ၊ စည်းကမ်းလိုက်နာမှု ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်များနဲ့ ပေါင်းစပ်ပြီး နောင်လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ယခုထက်ပိုမို အောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ပီတန်း အားကစားနည်းဖြင့် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သော မခင်ချယ်ရီသက် အား ဂုဏ်ပြုငွေ ကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းက ပိုက်ကျော်ခြင်း (ကွင်းသွင်း) အားကစားနည်းဖြင့်ပထမ ရွှေ တံဆိပ်ဆု ရရှိခဲ့သော မနွယ်နွယ်ထွေးအား ဂုဏ်ပြုငွေ ကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး၊ ဒုတိယ ငွေတံဆိပ်ဆုနှင့် တတိယ ကြေးတံဆိပ်ဆုရရှိသူများ အား ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့သည်။ ထို့နောက် ရွှေတံဆိပ်ဆု ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ပိုက်ကျော်ခြင်း ( ကွင်းသွင်း ) အားကစားသမား မနွယ်နွယ်ထွေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကာ အားကစားသမားများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like