Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

by Mon Editor

မော်လမြိုင်    မေ     ၂၈

မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မေလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက၊ သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး ရှေးဦးစွာ ရသေ့တောင်ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးသီလဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျ ကြိုတင်စီမံ ဆောင်ရွက်ထားပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ထူးခြားဖြစ်စဉ်များအပေါ် တာဝန်ရှိသူများကလည်း အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြကြရန်နှင့် ဖြစ်ပွားလာနိုင်သည့်ဘေးဖြစ်စဉ်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ကြရန်နှင့်  သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများနှင့် အစားအသောက်များကို ကူညီပံ့ပိုးပေးသွားရန် စီစဥ်ဆောင်ရွက်ထားပြီး ယခုအခါ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးတုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သဘာဝဘေး ဖြစ်ပွားမှုနှင့်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ပြည်နယ်ဝန်ကြီးများက လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း ဆန်ရိက္ခာ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် လေဘေးသင့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားပြီး လေဘေးသင့် နေအိမ်များအား လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညိှနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ၌ မေ ၂၄ ရက် နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ထနိမိုး၊ ထရံကာနေအိမ်(၃)လုံး ပြိုကျ ပျက်စီးဆုံးရှုံးကာ ဘုန်းကြီးကျောင်းတစ်ကျောင်း နှင့်နေအိမ်(၁၇)လုံး အမိုးလန်မှု ဖြစ်ပွားခဲ့ကြောင်း လူနှင့်တိရစ္ဆာန်ထိခိုက်/သေဆုံးမှုမရှိကြောင်း သိရသည်။

You may also like