မော်လမြိုင်၊ စက်တင်ဘာ ၂၉
မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လူထုလှုပ်ရှားအားကစားကွင်း ဆောင်ရွက်နိုင်သည့် နေရာနှင့် မြစ်ကမ်းသာ လျှောက်လမ်းနေရာများ တည်ဆောက်ခြင်း၊ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်းနှင့် အလှမီးတိုင်များ ထွန်းညှိခြင်းများဖြင့် ရာမညသဲကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တည်ဆောက်ရေး တာဝန်ရှိသူမှ သဲသောင်ပြင် အလျား (၅၀၀) ပေ၊ အကျယ် ( ၁၁၀) ပေ တိုးချဲ့ကမ်းနားလမ်း၊ ရာမညသဲကွင်းနေရာအား ကွန်ကရစ်လျှောက်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြစ်ရေကင်းလွတ်အမြင့်ဖြင့် ကမ်းထိန်းနံရံတည်ဆောက်ခြင်း၊ မြေယာရှုခင်း၊ ကလေးကစားကွင်း၊ နားနေခုံများ၊ ပန်းပင်နှင့် မြက်ခင်းပြင်ပြုလုပ်ခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းနှင့် Entertainment Area တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေး၊ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီစံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
မွန်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဦးစားပေးကဏ္ဍအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးတွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံရေးသည် အဓိကအရေးကြီးသလို တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် ဒေသတွင်း စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတွင်လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှု၊ စီးပွားဘဝ အေးချမ်းသာယာလာနိုင်မည်ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာရရှိခြင်းတို့ကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကိုလည်း ဖြစ်ထွန်းအောင်မြင်စေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ကြရန်လိုအပ်ပြီး မိုးစပါးအပါအဝင် နွေစပါးနှင့် နေကြာအပါအဝင်အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ထိုးနှံပေးလျက်ရှိသလို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကိုလည်း မြေပြင်အထိကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဒေသအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ရေရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများမှ လိုအပ်သည်များကို တင်ပြပေးစေလိုကြောင်းနှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပြီး တတ်နိုင်သရွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်းရေး ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသတွင်း လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေး၊ အရင်းမပျောက် ရန်ပုံငွေများဖြင့် စီမံကိန်းကျေးရွာများ ဆောင်ရွက်ပေးနိုင်ရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကွမ်ရိုက်ကျေးရွာအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။







