မော်လမြိုင် မတ် ၁၇
မွန်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသူ ကျောင်းသားများစိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြိုပေါ်ရှိ အမှတ် (၇) ခြေခံပညာအထက်တန်းကျောင်း၊အမှတ် (၉) ခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာရပ်အား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းသူ၊ ကျောင်းသားလေးများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲကိုအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃၅၀) ဦး စာရင်းရှိပြီး၊ ယနေ့ (ပထမ)နေ့ မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (၈၉၆၁) ဦး၊ ပျက်ကွက်သူ (၃၈၉) ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၅.၈၄)ရာခိုင်နှုန်း ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။


