မော်လမြိုင်၊ အောက်တိုဘာ ၁၄
မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊၊ဌာနဆိုင်ရာများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကိုလျော့ချနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ပိုမိုတိုးတက်လာစေရေး၊ ပြည်သူများစားရေရိက္ခာ ဖူလုံမှုရှိစေလေး အထူးအလေးပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရေးအတွက် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် စက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ဌာနများအနေအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး လုပ်ထုံးလုပ်နည်းများအညီ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးဌာနလုံခြုံရေးအား အထူးဂရုစိုက်ကြရန်နှင့် မလိုလားအပ်သော အဖျက်အမှောက်လုပ်ရပ်များ မဖြစ်ပွားစေရေး ပူးပေါင်းတားဆီးလုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဒေသနေပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြစေရေးနှင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ပရိယတ္တိသဒ္ဓမပါလအသင်းမှ ကြီးမှူးကျင်းပသည့် (၉၀) ကြိမ်မြောက် စာ၊ လျှောက်မေးပွဲကြီးကျင်းပလျက်ရှိရာ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂ဝ၂၂-ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ မွန်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက် ဂါရဝပြုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန်၊ အားကစား လှုပ်ရှားမှုများမှာ ပါဝင်ကြရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ အားကစားသမားများ အနေနဲ့ ဇွဲ၊ လုံးလ၊ ဝီရိယအပြည့်နဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ကြိုးစားကြရန်လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ကို ပေါင်းစပ်၍ စိတ်ဓါတ်ကောင်းမွန်ခြင်းကို အခြေခံပြီး တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြရန် လိုကြောင်း၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင်ရုံမျှမက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံ ကြိုးစား သွားကြစေလိုကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး အားကစားသမားကောင်း ပီသစွာပြုမှုနေထိုင်သွားကြရန်နှင့် အနိုင်မခံအရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ရင်ဆိုင်ယှည်ပြိုင်ကြရန် မှာကြားလိုကြောင်း၊ လိုအပ်သည်များကိုလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်၍ အသင်းတာဝန်ရှိသူများမှ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့် လေ့ကျင့်ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ ပြိုင်ပွဲဘောလုံးအသင်းအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်သည်။











