
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်) သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) သုံးထပ်ကျောင်းဆောင်သစ်အား သံကူကွန်ကရစ်သုံးထပ်ကျောင်းဆောင်သစ်အား မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ပြည်နယ်ဝန်ကြီးများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်း အား အမွှေးနံသာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမဆောင်၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် ပညာရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ တိုးတက် မြင့်မားလာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးဟာ မိမိတို့နိုင်ငံအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်နေတာကြောင့် နည်းပညာနှင့် သက်မွေးပညာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သား ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများကို စာတွေ့၊ လက်တွေ့ ဘာသာရပ်များကို အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးအတွက် လိုအပ်တဲ့ ကျောင်းဆောင်သစ်များ တည်ဆောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် အဖက်ဖက်မှ ဖြည်းဆည်းဆောင်ရွက်ပေးလျက်ရှိသလို နည်းပညာ၊ စက်မှုလက်မှု အထက်တန်းကျောင်းများအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာများကို လုပ်ငန်းနယ်ပယ်တွင် ထိရောက်မှန်ကန်စွာ အသုံးခြခြင်းပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ သယ်ပိုးထမ်းဆောင်သူများဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) ၊ (၁၉၂ ပေ၊ ၃၈ ပေ) သံကူကွန်ကရစ် သုံးထပ်စာသင်ဆောင်နှင့် ပတ်သက်သည့် အဆောက်အဦဆိုင်ရာ အချက်အလက်များအား တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားလေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းသူ၊ ကျောင်းသားများအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကာ စာသင်ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။