
မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့၊ နံနက်ပိုင်းကသံဖြူဇရပ်မြို့၊ ပညာဗိမာန်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မွန်ပြည်နယ်အတွင်း ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးကိုလည်း ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များရဲ့ အားနည်းချက်၊ အားသာချက် များကို သိရှိပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ MSMEs Talk Show စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ပရခြင်းဖြစ်ကြောင်း၊ စပါးနှင့် ဆီထွက်သီးနှံများ ဆက်လက်စိုက်ပျိုးရန်၊ နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းတို့အတွက် အားပေးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ဆောင်ရွက်နိုင်မှု အခြေအနေ၊ စွန့်ဦးတီထွင် လုပ်ငန်း အခန်းကဏ္ဍများအပြင် များစွာ အကျိုး ဖြစ်ထွန်းတဲ့ရလဒ်ကောင်းများအပြင် ဒေသတွင်း စီးပွားရေးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အကျိုးကျေးဇူးများ ပေါ်ထွက်လာမယ်လို့ ယုံကြည်မိပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးတို့ (အစိုးရအဖွဲ့အတွင်းရေးမှူး) တို့က မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်ကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် စကားဝိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်ဆွေးနွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍ၊ မြေယာကဏ္ဍ ၊ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်ရေးကဏ္ဍ ၊ စျေးကွက်ရရှိရေးကဏ္ဍ ၊ အခွန်ကဏ္ဍ ၊ ဘဏ်လုပ်ငန်းများကဏ္ဍ ၊ လူ့အစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြမှုအပေါ် ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။