
မော်လမြိုင်၊ ဧပြီ ၂၁
မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ ကတိုးအခြေခံပညာအထက်တန်းကျောင်းတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အထူးကုဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှု အစီအစဉ်တွင် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် ခွဲစိတ်အထူးကုသပေးခြင်း၊ မျက်စိအထူးကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုသပေးခြင်း၊ သွားနှင့် ခံတွင်းအထူးကုသပေးခြင်း၊ အရိုးအထူးကုသပေးခြင်းဖြင့် လည်းကောင်း၊ ကလေးအထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ စိတ်ကျန်းမာရေးအထူးကုသပေးခြင်းဖြင့် လည်းကောင်း ဒေသခံပြည်သူများအား အခမဲ့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ ကုသနိုင်ရေး ဆောင်ရွက်ကြရန်၊ အများပြည်သူများအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ လာရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ရောဂါဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကတိုးအခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်များနှင့် ကျောင်းဆောင်သစ်များတိုးချဲ့ ဆောက်လုပ်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကတိုးတိုက်နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအပေါ် ကြည့်ရှုအားပေးကာ ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် ရောဂါဝေဒနာရှင်များအား အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကတိုးကျေးရွာ၊ ကတိုးမဟာရင်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြပြီး သာသနဓဇ သိရီပဝရ ဓမ္မာစရိယ အဂ္ဂမဟာဝါစကပဏ္ဍိတ သတ္တမ ကတိုးမဟာရင်ဆရာတော် ဘဒ္ဒန္တဝေကာနန္ဒကို ဖူးမျော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့နယ်၊ ကော့နှတ်ကျေးရွာ၊ ကော့နှတ်စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ ကော့နှတ်ကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာက ဆောက်လုပ်လှူဒါန်းထားခဲ့သည့် ရှေးဟောင်းစေတီတော်၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမျှော်ကြည်ညို၍ ရှေးဟောင်းသာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။













