
မော်လမြိုင်၊ ဧပြီ ၂၄
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့၊ နံက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းများ၏ တာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသား မောင်မယ်လေးများအား ယခုဖွင့်လှစ်သည့် ရေကြောင်းလူငယ်(အခြေခံနှင့် တန်းမြင့်)သင်တန်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများကို တက်ရောက်ခွင့်ရရှိကြသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း ရေကြောင်းလူငယ် သင်တန်းများနှင့် လေကြောင်းလူငယ်အခြေခံသင်တန်း၊ လူငယ်သင်တန်းစခန်းများအားလုံးကို တစ်နိုင်ငံလုံးမှာ တစ်ချိန်တည်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်လေးများကို ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ပညာရပ်များ ကျွမ်းကျင်တတ်မြောက်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင်ပြီး စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရရှိစေရေး၊ နိုင်ငံတော်ရဲ့ ရေကြောင်း၊ လေကြောင်း စွမ်းအားများအတွက် အနာဂတ်တွင် အင်အားသစ်များအဖြစ် အထောက်အကူဖြစ်စေရေးနှင့် အနာဂတ်ခေါင်းဆောင်ငယ်များ ဖြစ်လာကြမည့် ကျောင်းသူ၊ ကျောင်းသားလေးများသည် အရည်အချင်းပြည့်ဝစွာဖြင့် နိုင်ငံတော်၏ အရန်အင်အားများ ဖြစ်လာစေရေး စသည့် ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေဖြင့် ဖွင့်လှစ်ပေးသည့် သင်တန်းများဖြစ်ကြောင်း၊ မိမိတို့ ပိုင်နက်ပင်လယ်ကနေ ကာကွယ်စောင့်ရှောက်နိုင်ရန်လိုအပ်သလို ပိုင်နက်ဝေဟင်လေကြောင်းကလည်း စိုးမိုးထားနိုင်ရန်အတွက် မောင်တို့၊ မယ်တို့လို ရေကြောင်းလူငယ်တွေ၊ လေကြောင်းလူငယ်တွေက မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေနဲ့ အရင်းတည်ပြီး နောင်တစ်ချိန်မှာ ပုခုံး ပြောင်းတာဝန် လွှဲယူနိုင်တဲ့သူတွေ ဖြစ်လာကြဖို့ လိုအပ်ကြောင်း၊ မောင်တို့၊ မယ်တို့အနေဖြင့် ရေကြောင်းဆိုင်ရာ၊ လေကြောင်းဆိုင်ရာ ဘာသာရပ်အသီးသီးတွေကို စာတွေ့လက်တွေ့ တတ်မြောက်အောင် သင်ယူလေ့လာနိုင်ရန်အတွက် ကျွမ်းကျင်တဲ့ အရာရှိများ၊ နည်းပြဆရာများမှ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ နိုင်ငံအကျိုးကို ရှေးရှုပြီး အားကြိုးမာန်တက် လေ့လာဆည်းပူး သင်ယူသွားကြရန်နှင့် အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံတော်က အားထားရသည့် အနာဂတ် ရေကြောင်း၊ လေကြောင်းများမှာ စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်နိုင်မည့် မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရေကြောင်း လူငယ်နှင့် လေကြောင်းလူငယ်သင်တန်းများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများအား လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများအတွက် ထောက်ပံ့ငွေများအား လည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ သင်တန်းအတွက် ထောက်ပံ့ငွေများအား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကာ သင်တန်းသူ၊ သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/ ၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အထင်ကရ တန်ခိုးကြီး ဘုရား၊ စေတီများ၊ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချစွာတည်းခိုနိုင်ရေး ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအတွက် လိုအပ်ချက်များအရ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာအသစ်များအား ခွင့်ပြုပေးလျက်ရှိသလို ဟိုတယ်နှင့် ခရီးသွားကဏ္ဍဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ခရီးစဉ်ဒေသ ရုပ်သံအစီအစဉ်များ ရိုက်ကူးခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်ခြင်းနှင့် အပန်းဖြေစခန်းများ ဖွင့်လှစ်နိုင်ရေး အကြံပြုကူညီပေးခြင်းတို့ကို ဆောင်ရွက်ကြရန်နှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ ဧည့်လမ်းညွှန်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးမှု အနေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။















