မော်လမြိုင် ဇွန် ၂၁
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇွန် ၂၁ ရက်နေ့ နံနက်ပိုင်းက နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မော်လမြိုင်မြို့နယ်၊ ခရွန်းရှမ်းရွာရှိ Cold Storages အအေးခန်း သိုလှောင်ရုံသို့ ရောက်ရှိပြီး အအေးခန်းအတွင်း သစ်သီးဝလံ ၊ အသီးအနှံ သိုလှောင်ထားရှိမှု၊ ငါးခြောက်၊ ပုဇွန်ခြောက် သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ သစ်သီးဝလံနှင့် သား ငါး၊ လုပ်ငန်းရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် အေးခဲခန်း(Freezer) များကိုလည်း တည်ဆောက်လည်ပတ်စေပြီး၊ ပြည်ပပို့ကုန် တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးခန်းတွင် Cold Storages အအေးခန်းစက်ရုံ တာဝန်ရှိသူမှ အအေးခန်း နေ့စဉ် ထုတ်လုပ်မှုကုန်ကျစရိတ် သိုလှောင် ထားရှိမှု ကုန်ကျစရိတ်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် အသီးအနှံ အများအပြားထွက်ရှိရာယင်းတို့ကိုတစ်နှစ်ပတ်လုံးသိုလှောင်နိုင်ပါကပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊ပြည်ပအစားထိုးသွင်းကုန်ပစ္စည်းများကို မိမိတို့ ပြည်နယ်အတွင်းတွင် အရည်အသွေးမီ ဆောင်ရွက်ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်း လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိရန်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေမည့် လုပ်ငန်းများကို Standard Operating Procedure(SOP) များနှင့်အညီဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖားအောက်ကျေးရွာရှိ မိသားစုတစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများ၊အတတ် ပညာများ ပိုမိုထွန်းကားလာစေရေးအတွက် ဝိုင်းဝန်းကြိုးပန်း ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်နည်းပညာတက္ကသိုလ် ရွှေဇီဝသဘာဝမြေသြဇာစက်ရုံသို့ရောက်ရှိရာ စက်ရုံမှထုတ်လုပ် သော သဘာဝဇီဝ မြေသြဇာအိတ် အမျိုးမျိုး ထုတ်ပိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ စက်ရုံတာဝန်ခံက ရွှေဇီဝသဘာဝမြေသြဇာထုတ်လုပ်မှု၊ သဘာဝမြေသြဇာ စမ်းသပ်ကွက် ကွင်းဆင်း ဆောင်ရွက်မှုအခြေအနေ နှင့် ၂၀၂၃ခုနှစ် အတွက် မျှော်မှန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း တောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့်သဘာဝမြေသြဇာရရှိစေရေး သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် သဘာဝမြေသြဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုစိုက်ပျိုးခြင်းကို အားပေးကူညီရန် နှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေး ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေရေး ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။






