မော်လမြိုင် ဇူလိုင် ၁၂
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/ ၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက်ပေးသကဲ့သို့ လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်စေရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုရရှိစေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျော့၍ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အနေဖြင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်အသစ်များခွင့်ပြုပေးလျှက်ရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် အလှအပများ နှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိသည့်အတွက် ပြည်နယ် အစိုးရ၏ ပံ့ပိုးမှုဖြင့် မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မွန်ပြည်နယ် အတွင်းရှိ ခရီးစဉ်ဒေသများအား Video ရိုက်ကူးလျက်ရှိသကဲ့သို့ လာမည့် ပွင့်လင်းရာသီအတွင်း ခရီးသွားများပိုမိုတိုးတက်ဝင်ရောက်နိုင်ရေးအတွက် လိုအပ်ချက်များသိရှိနိုင်စေရန် အလုပ်ရုံဆွေးပွဲအား ကျင်းပခဲ့ပြီး ရလဒ် များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ သီးခြားရပ်တည်၍မရဘဲ အခြားသောလုပ်ငန်းများနှင့် အပြန်အလှန်ဆက်နွယ်ပြီး ဆက်စပ်ဆောင် ရွက်ရသော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး လိုအပ် သည့် အကြံဉာဏ်ကောင်းများနှင့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း၊ သို့မှသာ ပကတိ အခြေအနေမှန် အား သိရှိနားလည်ပြီး ကောင်းမွန်သော မူဝါဒများနှင့် လမ်းညွှန်မှုများကို ချမှတ်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက လိုင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ခရီးသွား လုပ်ငန်းကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။




