
မော်လမြိုင်၊ အောက်တိုဘာ ၁၆
မြန်မာနိုင်ငံ၏ ရွှေဖြူဟုပင် တင်စားခေါ်ဝေါ်ရသည့် မြန်မာ့ရော်ဘာကို မွန်ပြည်နယ်အတွင်း အများဆုံးစိုက်ပျိုးလျက်ရှိပြီး အရည်အသွေးမြှင့် ထုတ်ကုန်များအဖြစ် တစိုက်မတ်မတ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ၊ ၁၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဇဗ္ဗူကျော် ဟိုတယ်ခမ်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသရော်ဘာ ထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များစီးပွားဖြစ် ထုတ်လုပ်နိုင် ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် လာနိုင်ရေးတို့ကို ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်နေတဲ့ ရော်ဘာအရည်အသွေး မြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများ အတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း”ကနေ၏ ပြည်နယ်အတွက် သင်တန်းပို့ချပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ရော်ဘာထုတ်လုပ်သူတွေရဲ့ အတွေ့ အကြုံတွေကို သုတေသနပြုလုပ်ခဲ့ပြီး သုတေသနပြုချက်တွေအရ ဒီသင်တန်းပေးနိုင်ရန်၊ ရော်ဘာ ထုတ်ကုန်များ အရည်အသွေးကောင်းပြီး ဈေးကောင်းရရှိနိုင်ဖို့ဆိုရင် ရော်ဘာအရည်အသွေး ထိန်းသိမ်းရမဲ့ နည်းလမ်းတွေကိုသိရှိနိုင်ရန်စေရန်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအတွက် နိုင်ငံတော်ကလည်း စိုက်ပျိုးရေးလုပ်ငန်းမှာ ခေတ်မီနည်းစနစ် များနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးစေဖို့အတွက် ချေးငွေ လိုအပ်ချက်တွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေး လျှက်ရှိပါကြောင်း၊ ဒေသနှင့် ကိုက်ညီသော ရော်ဘာ မျိုးကောင်း မျိုးသန့် များ ပြန်လည် စိုက်ပျိုးနိုင်ရေးနှင့် ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးတို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယိရေး ဝန်ကြီးဌာန၊၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ညဒေါက်တာထိန်လင်းမှ မွန်ပြည်နယ်အတွင်း မြန်မာ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းတွင် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာအရည်အသွေး တိုးတက် မြင့်မားရေး၊ ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရေး ၊ မြန်မာ့သဘာဝ ရော်ဘာရေရှည်တည်တံ့မှ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ၊ ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊ ဒေသတွင်း ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရော်ဘာအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များက အတွေ့အကြုံများကို ဆွေးနွေးပို့ချခဲ့ကြကြောင်းသိရှိရသည်။

