
မော်လမြိုင်၊ အောက်တိုဘာ (၁၇) မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်) အပတ်စဉ် (၄၈)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြုသင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ခုနှစ် ဧပြီလမှာ သင်တန်းစတင်တက်ရောက်ခဲ့တဲ့ သင်တန် သား/သူ (၆၁)ဦးဟာ သူနာပြုသင်တန်းကျောင်း၊ (မော်လမြိုင်) ပညာရေး အဖွဲ့က စစ်မေးခဲ့တဲ့ Semester 1 Exam မှာ စာတွေ့၊ လက်တွေ့ အရည်အချင်းပြည့်မီစွာ အောင်မြင်ခဲ့သည့်အတွက် သူနာပြု အဆောင်အယောင်ဖြစ်တဲ့ ဦးဆောင်းနဲ့ ကုတ်အင်္ကျီကို ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါကြောင်း၊သင်တန်းသား (၆၁)ဦးဟာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပုခုံးပြောင်းတာဝန်ယူမဲ့ မျိုးဆက်သစ် သူနာပြုမောင်မယ်များအဖြစ် ဦးဆောင်းနဲ့ ဝတ်စုံအပ်နှင်း တဲ့ပွဲဖြစ်လို့လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းထပ်လောင်း ပြောကြားလိုကြောင်း၊နိုင်ငံတော်မှ ချမှတ်ထားတဲ့ ကျန်းမာရေးမူဝါဒများနဲ့အညီ ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ဝစွာ ပေးနိုင်ရန်အတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီးများကို ဝင်ခွင့်ခေါ်ယူခဲ့ခြင်း ဖြစ်ပါကြောင်း၊သင်တန်းသား/သူများကလည်း သင်တန်းကျောင်းမှ ပေါင်းစပ် ညှိနှိုင်း သင်ကြားပေးတဲ့ပညာရပ်များကို ကြိုးစားလေ့လာသင်ယူကြပြီး သင်တန်းကာလပြီးဆုံးတဲ့ကာလမှာ နိုင်ငံနဲ့လူမျိုးကိုအကျိုးပြုတဲ့ သူနာပြု သားဖွားကောင်းများ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍ မြင့်မား တိုးတက်အောင် စွမ်းဆောင်နိုင်မဲ့ ဘက်စုံထူးချွန်သော ကိုယ်ရည်ကိုယ်သွေး မြင့်မားသော သူနာပြုလောင်းမှသည် . သူနာပြုကောင်းများ ပေါ်ထွန်း လာပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ကြပါစေလိုကြောင်းပြောကြားသည်။ဆက်လက်ပြီး အပတ်စဉ်(၄၈) သူနာပြု ဒီပလိုမာသင်တန်းသား/သူများအား တာဝန်ရှိသူများက အမျိုးသားကုတ် အင်္ကျီနှင့်သူနာပြုဦးဆောင်း ချီးမြှင့်အပ်နှင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့်သည်။ ထို့နောက် အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူများက သူနာပြုကျင့်ဝတ် ရွတ်ဆို၍ သင်တန်းသား/သူများက “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေး၍ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မော်လမြိုင်ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းခြင်းအခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ဝင်ငွေရှာဖွေပေးနိုင်တဲ့ ပြည်ပဈေးကွက် အလားအလာရှိပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူများအတွက်လည်း အကျိုးအမြတ်ရှိတဲ့ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာများ ကူညီပံ့ပိုးပေးတဲ့ အခုလိုအလုပ်ရုံဆွေးနွေးပွဲမျိုး ကျင်းပပြုလုပ်နိုင်တဲ့အတွက် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်တို့နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မိမိတို့ဒေသနဲ့ ကိုက်ညီတဲ့ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာလည်း တိုးတက်လျက် နိုင်ငံခြားဝင်ငွေများကိုရှာဖွေပေးလျက်ရှိကြောင်း၊ယခင်က သဘာဝအလျောက်ပေါက်ရောက်သည့်ဝဥများကို တူးဖော် ခဲ့ရာမှ ယခုအခါ ပြည်ပဝယ်လိုအားကောင်းလာသဖြင့် စိုက်ခင်းများဖြင့် စနစ်တကျ စိုက်ပျိုးလာကြပြီး ပြည်ပတင်ပို့မှုလည်း တိုးတက်လျက် နိုင်ငံခြားဝင်ငွေများကိုရှာဖွေပေးလျက်ရှိကြောင်း၊ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးလာမှသာ နိုင်ငံတော်၏ ကုန်သွယ်စီးပွားဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မှာဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောက်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူ များနှင့် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်(Supply Chain)တွင် ပါဝင်နေသူများအားလုံး ပူးပေါင်းဆွေးနွေးဆောင်ရွက်ကြခြင်းဖြင့် လိုအပ်ချက်များ၊ အခက်အခဲများကို ယနေ့ကျင်းပသည့် ဝဥ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲမှ ရလာဒ်ကောင်းများကို ဖော်ထုတ်ရရှိချက်များမှ မွန်ပြည်နယ်၏ အမယ်သစ်သီးနှံဝဥ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများတွင် များစွာအထောက်အကူပြုနိုင် မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။ဆက်လက်ပြီး မြန်မာနိုင်ငံဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးကျော်သူက ဝဥအသင်းဖွဲ့စည်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ အကြံပေး ဒေါ်စန္ဒာမျိုးက ဝဥ၏ နိုင်ငံတကာဈေးကွက်အခြေအနေအား ရှင်းလင်းတင်ပြကာ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ဝဥ ထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




