
မော်လမြိုင် ဒီဇင်ဘာ ၄
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို
မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘတ်စကက် ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမား တက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုရှေ့ရှုလျက် ကျောင်းသားလူငယ် မောင်မယ်များ ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ အပါအဝင်
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက် လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန် လှုပ်ရှားစေရန်၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင် လုပ်ငန်း စွမ်းပကား တိုးတက်စေရန်နှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မား ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွေကို ကျင်းပ ပြုလုပ်နေတာဖြစ်ပြီး မွန်ပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် မွန်ပြည်နယ် အတွင်း အားကစားပြိုင်ပွဲတွေကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ ကျင်းပပြုလုပ်နေခြင်းဘဲဖြစ်ကြောင်း၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်မှသည် မွန်ပြည်နယ် လက်ရွေးစင် ဘတ်စကက်ဘော အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ဘတ်စကက်ဘော အားကစားနည်းကို လူအများစိတ်ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ်ဘတ်စကက်ဘော အားကစား
အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဘတ်စကက်ဘောပြိုင်ပွဲများတွင် မွန်ပြည်နယ်
ဘတ်စကက်ဘောအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အားကစားသမားများ မွန်ပြည်နယ်မှ
မွေးထုတ်ပေးနိုင်ရန် စတဲ့ရည်ရွယ်ချက်ကောင်း တွေနဲ့ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားသမားကောင်း ပီသစွာဖြင့် သတ်မှတ်ထားသော စည်းမျဉ်း / စည်းကမ်းများကို လေးစားလိုက်နာကြရန်၊ ဒိုင်လူကြီးများ အနေဖြင့် သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနဲ့အညီ
တရားမျှတစွာ ဆောင်ရွက်ပေးကြရန်၊ ပြည်နယ်အဆင့်မှသည် နိုင်ငံလက်ရွေးစင်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားသွားကြရန်
တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွက်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ပြည်နယ်
ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမှတ်(၈)အခြေခံပညာအထက် တန်းကျောင်း ဘင်ခရာအဖွဲ့ နှင့် ပန်းပွားအဖွဲ့ အားဂုဏ်ပြုဆုငွေ
ပေးအပ်ခဲ့ကာ ဘတ်စကက်ဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ချောင်းဆုံမြို့နယ် ဘတ်စကက်ဘောအသင်းနှင့် သထုံမြို့နယ် ဘတ်စကက်ဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးခဲ့သည်။
အဆိုပါ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘတ်စကက် ဘောပြိုင်ပွဲကို ဒီဇင်ဘာ (၄)ရက်နေ့မှ (၈)ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။





