
မွန်ပြည်နယ်အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေ ရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၈/ ၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေးကို (၆-၁၂-၂ဝ၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် တည်းခိုခန်း လုပ်ငန်းလိုင်စင်ရယူထားသည့် တည်းခိုခန်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသည့် (GLMS)စနစ် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှလည်း ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ မွန်ပြည်နယ်သည် ခရီးသွားဧည့်သည် များအား ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများ များစွာရှိသကဲ့သို့ ရှေးဟောင်းအဆောက်အဦများ၊ ကိုလိုနီခေတ် အဆောက်အဦများ ထင်ရှားသည့် ဘုရားစေတီများစွာတည်ရှိနေခြင်းသည် ခရီးသွားမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်ရာ၌ အထောက်အပံ့ကောင်းများဖြစ်ပါကြောင်း၊ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ တည်းခိုနိုင်ရေးအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ အမြဲတမ်း လုံခြုံရေး သတိရှိစေရန် လိုအပ်သကဲ့သို့ ဝန်ကြီးဌာနမှ ညွှန်ကြားထားရှိသည့်အတိုင်း စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ပါကြောင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး စေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွား လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းလိုင်စင် ဆိုင်ရာကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များ၊ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့် အညီ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဧည့်လမ်းညွှန် လိုင်စင်ထုတ်ပေးခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ခရီးသွား လုပ်ငန်းကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အမှတ်စဉ် (၃/ ၂၀၂၃) နှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ်(၄/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်သည် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်သည့် ပြည်နယ် တစ်ခုဖြစ်ပြီး လူတို့၏ နေ့စဉ်ဘဝတွင် စားရေရိက္ခာသည် အရေးကြီးပြီး၊ စားနပ်ရိက္ခာကို အထောက်အကူပြုရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိုက်ပျိုး လယ်ယာမြေများအား ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်(သို့မဟုတ်) အသုံးပြုခွင့်ပေးထားပြီးနောက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တည်ငြိမ်တည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ကြောင်း၊ လယ်ယာ မြေဥပဒေတွင် ပြဌာန်းထားရှိပါကြောင်း၊စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ပန်းတိုင်အထွက်နှုန်း ပြည့်မီ ကောင်းမွန်ရေး၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံ၊ နေကြာအပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာတို့ကို ပြည့်စုံအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ လျှောက်ထားသည့် လုပ်ငန်း စာတွဲများ၊ လယ်ယာမြေ ဥပဒေနှင့်အညီ လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့် အယူခံမှုများနှင့်ပတ်သက်၍ ဥပဒေ နှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် ကော်မတီအဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင် များက ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိ ရသည်။



