မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသံမစဲဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဒီဇင်ဘာ၁၈ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံ စေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်၍ မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ ဖက်တန်း ရပ်ကွက်၊ သီရိမင်္ဂလာဒေါ်လန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်ဘဒ္ဒန္တဉာဏုတ္တရ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် (ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသာသန မထေရ်မြတ်ထံမှ ဩဝါဒကထာနာ ယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်အရှင်သူမြတ်များ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုခဲ့ကြသည်။ အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ၁၈ ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။




