Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခွန်ပညာပေးရှင်းလင်းပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခွန်ပညာပေးရှင်းလင်းပွဲအခမ်းအနား တက်ရောက်

by admin

မော်လမြိုင် မေ ၇

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဌာနဆိုင်ရာများမှ တင်ဒါလေလံဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အခွန်ပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်မ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အစိုးရဌာနအဖွဲ့အစည်းများမှ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ တင်ဒါစနစ်ဖြင့်ပစ္စည်းများဝယ်ယူခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ခြင်း၊ ယာဉ်နှင့်စက်ကိရိယာများ၊ ပရိဘောဂများ ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါမှာ တင်ဒါမဖြစ်မနေခေါ်ယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်ဆောင်ရွက်ရာမှာ အခွန်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များအား သိရှိစေလိုသည့်အတွက် အခွန်ပညာပေးရှင်းလင်းပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တင်ဒါလုပ်ငန်းများဆောင်ရွက်သည့်အခါ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် စတဲ့ အခွန်အမျိုးအစားများပေးဆောင်ရန် တာဝန်ရှိကြောင်း၊ တင်ဒါလုပ်ငန်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သိစေလိုသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဆွေးနွေးမည့် ကိစ္စရပ်များကို သေသေချာချာလိုက်နာမှတ်သားပြီး တိတိကျကျလိုက်နာဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက “တင်ဒါအောင်မြင်သည့်လုပ်ငန်းများအတွက် အခွန်ကျသင့်မှုများ” သိကောင်းစရာအား Power Point ဖြင့် အခွန်ပညာပေးရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ “ပြည်သူပါမှအောင်မြင်မှာ” ခေါင်းစဉ်ဖြင့် စားသောက်ဆိုင်များတွင် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်း Video Clip အား ပြသခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အခွန်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လိုအပ်သည်များကို ထပ်ဆင့်ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like