Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းစခန်းဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းစခန်းဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး

by admin

မော်လမြိုင်     မေ    ၇

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလ အတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း ဖွင့်ပွဲများကို ဧပြီ၂၂ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိသင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့် သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။ 

အဆိုပါ သင်တန်းသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရွှေနတ်တောင် ရေလှောင်တမံသို့ ရောက်ရှိခဲ့ကြပြီး မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၌ ရေကြောင်းဆိုင်ရာ ဘာသာရပ်များဖြစ်သော  အနောက်တိုင်း လေးယောက်လှော်လှေ(Tub Four) လေ့ကျင့်လှော်ခတ်ခြင်းနှင့် ရွက်လှေ(Optimoist Boat)အား လက်တွေ့ပို့ချသင်ကြားနေမှု အခြေအနေများအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအတွက် ချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းရှိ တာဝန်ခံအရာရှိများ၊ သင်တန်းနည်းပြများတွေ့ဆုံ၍ သင်တန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အခြေခံပညာ အထက်တန်းကျောင်း(ရွှေနတ်တောင်)၌ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) လေကြောင်းဆိုင်ရာ ဘာသာရပ်များအား ဖွင့်လှစ်ပို့ချနေမှု အခြေအနေများအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အခြေခံလေကြောင်း လူငယ်သင်တန်းအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

You may also like