မော်လမြိုင်၊ မေ ၁၀ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ် ၇၇၉(က)ကော့တာ(က)ကွင်းအတွင်း တောင်သူ ဦးသန်းထွန်းဝင်း၏ လယ်ယာမြေ ၁၁ဧက၌ ကျင်းပပြုလုပ်သည့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းနှင့် မျိုးစပါး ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးက ချောင်းဆုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး မိုးသီးနှံ စိုက်ပျိုးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များဖော်ဆောင်၍ စိုက်ပျိုးသည့်နည်းစနစ်များ၊ သွင်းအားစုများကိုလည်း အဖက်ဖက်မှ ကူညီ ဆောင်ရွက်လျက်ရှိပြီး တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန် စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆိုသည့်အတိုင်း ရေမြေဒေသနှင့် ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေးတောင်သူများအနေဖြင့် မြေလွတ်၊ မြေလပ်မကျန်ရအောင် ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများကို နည်းစနစ်မှန်စွာ စိုက်ပျိုးဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ချီးမြှင့်ပေးအပ်ခဲ့ပြီး တောင်သူ ဦးသန်းထွန်းဝင်း၏ လယ်မြေတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ကြဲပက်ခဲ့ကြသည်။
ယင်းနောက် ဒေသခံ တောင်သူများမှ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး၊ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်ပေးစေလိုမှု၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးစေလိုမှု၊ တိမ်ကောနေသော ချောင်းမြောင်းများပြန်လည်တူးဖော်နိုင်ရေး၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့်သွင်းအားစုများအား သက်သာသောနှုန်းထားဖြင့်ဝယ်ယူရရှိလိုမှု အခြေအနေများအား တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မျိုးစပါးမျိုးစေ့များကို တောင်သူ (၁၄)ဦး၏ မျိုးစေ့ထုတ် စိုက်ဧက (၅၀)အတွက် ပေါ်ဆန်းရင် မျိုးစပါး တင်း(၅၀)ပေးအပ်ခဲ့ပြီး ချောင်းဆုံမြို့နယ်အတွင်း လာမည့်မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ဧက (၆၅၃၀၉)ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


