Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၊ မဟာမြတ်မုနိရုပ်ပွားတော် မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနား၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၊ မဟာမြတ်မုနိရုပ်ပွားတော် မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနား၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်၊ မေ ၁၁
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနားကို မေလ ၁၁ ရက်နေ့၊ နံနက်ပိုင်းက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိန်းဝပ်စံပါယ်တော်မူရာ ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြပြီး မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့်ပူဇော်ခဲ့ကြကာ မဟာဗောဓိညောင်ပင်၌ ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲ အခမ်းအနားကို မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၊ အနောက်ဘက်မုဒ်ရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ရန် မဟာဗောဓိပင် အရပ်လေးမျက်နှာတွင် နေရာယူခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဝတ်အသင်းအဖွဲ့များက နဂါး၊ ဂဠုန်၊နတ်၊ ဗြဟ္မာ၊အပေါင်း တို့အား ညောင်ရေသွန်းလောင်း ကြွေးကြော်သံ ဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ မဟာဗောဓိ ညောင်ပင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော် ညောင်ရေသွန်းလောင်းခဲ့ကြကာ ဆုတောင်းပတ္တနာပြု ကဗျာများ ရွတ်ဆို ပူဇော်ခြင်း၊ ဇယန္တော ဗောဓိယာ အောင်ဂါထာကို ရွတ်ဆိုပူဇော်ခြင်းတို့ ဆောင်ရွက်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို  မော်လမြိုင်မြို့၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော်(၃၁၅)ပါးအား ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့သည် မော်လမြိုင်မြို့၊ သမိုင်းဝင် (လေးကျွန်းသစ္စာရှင်) နဂါးမောက် စေတီတော်မြတ်ကြီးသို့ ရောက်ရှိခဲ့ကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ဆွမ်းများကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက်  ဆရာတော် အရှင်သူမြတ်များ အမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးမျာက လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်ပူဇော်ပြီး ဗောဓိညောင်ပင်အား ဘုရားဂုဏ်တော်အာရုံပြု၍ နံသာရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

You may also like