မော်လမြိုင် မေ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)၌ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)နှင့် မွန်ရိုးရာ လက်ရက်ကန်းသင်တန်း အမှတ်စဉ်(၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကိုမေလ ၁၂ ရက်နေ့ ၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒီကနေ့ ဖွင့်လှစ်တဲ့သင်တန်းမှာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်၊ အခြေခံလက်ရက်ကန်းဘာသာရပ်များအပြင် ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်၊ ဥပဒေအသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများနှင့်မီးဘေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သင်တန်းများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ညှိနှိုင်းဟောပြောပို့ချပေးသွားမှာ ဖြစ်ကြောင်း၊သင်တန်းများစဥ်ဆက်မပြတ် အောင်မြင်စွာ
ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်ကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြပြီး သင်တန်းဆင်း သင်တန်းသူတစ်ဦးက စက်ချုပ်လုပ်ငန်းအောင်မြင်မှု အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတက်ရောက်မည့် သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။
အဆိုပါ သင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ (၂၅)ဦး၊ မွန်ရိုးရာ လက်ရက်ကန်း သင်တန်းသူ (၅)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ မှာ(၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ )ရက်နေ့ အထိ ရက်သတ္တပတ်(၂၂ )ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။



