မော်လမြိုင်၊ မေ ၁၁
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ဆံတော်ရှင်ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ အခမ်းအနားကို ဆံတော်ရှင်ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိသတ်အပေါင်းတို့က အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြပြီး မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု)(ဝိနယပါဠိပါရဂူ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက ဆံတော်ရှင်ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့်ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက်မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု)(ဝိနယပါဠိပါရဂူ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အားစေတီတော်၏ လက်ယာရစ်သုံးပတ်လှည့်လည် ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံသာရည်များပက်ဖြန်းကာရတနာရွှေမိုးငွေမိုးများရွာသွန်ဖြိုးခဲ့သည်။
ယင်းနောက် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးမှ ဦးဆောင်၍ ကြွရောက်တော် မူလာကြကုန်သော ဆရာတော်သံဃာတော်များမှ ကျိုက်တမော့လဲ့စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအားနေဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။





