Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်   မေ   ၅ 

၂၀၂၅ခုနှစ်၊ မေလ ၅ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။ 

ရှေးဦးစွာ  ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ် အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးညီလာခံကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ကို အစွဲပြုပြီး “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့” အဖြစ် ကျင်းပလာခဲ့တာ ယနေ့ဆိုရင် (၇၉)နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊မီးသတ်တပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု များနှင့်အညီ ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်ကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့အတူ နိုင်ငံအလိုက် လူဦးရေတိုးပွား လာမှုများနဲ့ စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မီးလောင်မှုဖြစ်စဉ်တွေ များလာတာတွေ့ရကြောင်း၊ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ် (၁၈၀၀၀) ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ငွေကျပ် (၁၉၂) ဘီလီယံကျော်ခန့် ရှိခဲ့ကာ မီးဘေးအန္တရာယ် လျော့ပါးကျဆင်းစေရေးအတွက် ပြည်သူလူထုအတွင်းမှာ မီးသတိပြုရေးနဲ့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေး အန္တရာယ်များ နှစ်စဉ်ပိုမိုများပြားလာတာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ၂ဝ၂၅ ခုနှစ်၊ မတ်လ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုအများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုများနဲ့အညီ မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဟာ သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ကနဦး ဆောင်ရွက်နိုင်ခဲ့ကြတာကို တွေ့ရှိရကြောင်း၊ မီးသတ်ဦးစီးဌာနရဲ့ အသင့်ကြိုတင် စုဖွဲ့ပြင်ဆင်လေ့ကျင့် ဆောင်ရွက်ထားနိုင်မှု၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနဲ့ စွမ်းရည်ပြည့်ဝစွာနဲ့ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်မှု များဟာ နိုင်ငံတကာအဆင့်မီတဲ့ လုပ်ဆောင်ချက်များဖြစ်ကြောင်း၊ အထူးသဖြင့် မီးသတ်သမားများဟာ ဘေးဒုက္ခအန္တရာယ်များနဲ့ ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့ အသက်နဲ့ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရတာကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စား သွားကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ဂုဏ်ဒြပ်ကို လေးစား ဂုဏ်ယူပြီး မြန်မာပြည်သူများရဲ့ အသက်အိုးအိမ် ပစ္စည်းများကို စောင့်ရှောက်ကာကွယ်နိုင်တဲ့ တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်း များစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက် သွားကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့မှတ်တမ်း Video Clickအား ပြသခဲ့မှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသော မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ၊ မီးငြိမ်းသတ်ရေးပစ္စည်း ကိရိယာနှင့် ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းကိရိယာများအား လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရသည်။

You may also like