မော်လမြိုင် အောက်တိုဘာ ၁. ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီး ဘေးကင်းလုံခြုံမှု ရှိတဲ့လူ့အဖွဲ့အစည်း ထူထောင်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ပြီးတာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ရဲတပ်ဖွဲ့ဝင်ကောင်းတွေဖြစ်လာစေဖို့ ချမှတ်ထားတဲ့စည်းကမ်းနဲ့ ကျင့်ဝတ်သိက္ခာတွေကို လိုက်နာစောင့်ထိန်းပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက် သွားရမှာဖြစ်သလိုအမျိုးသားရေး တာဝန် တစ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းတွေ လူကုန်ကူးမှု ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ရမှာလည်းဖြစ်ကြောင်း၊ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူအပေါ်သစ္စာစောင့်သိပြီး ပြည်သူ့အကျိုးစီးပွားကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေ ပြည်သူတွေနဲ့ ကဏ္ဍပေါင်းစုံက ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ပေးပို့ သဝဏ်လွှာအား မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေမှ ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းမှူး၏ဇနီး၊ပြည်နယ်ဝန်ကြီးများက နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအားအမှုထမ်းကောင်းလက်မှတ်များနှင့် ရာထူးအဆင့်မြင့်တိုးမြှင့်ခြင်း၊ ရဲတပ်ဖွဲ့စခန်းအလိုက်အကောင်းဆုံး စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ သင်တန်း ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်း၊ အိမ်ရာဝင်းများအား သန့်ရှင်းရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး ဘက်စုံအကောင်းဆုံးဆုများကို ဆုရ ပြည်နယ်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ တာဝန်သိ ဆောင်ရွက်ပေးကြသည့် ရပ်ကွက်၊ ကျေးရွာ တာဝန်ရှိသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုခွေပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ နှင့် တာဝန်ရှိသူများက ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်ပြီး မွန်ပြည်နယ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂုဏ်ပြုခံ ဘိုးဘွား များ၊ အမျိုးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ နှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာတစ်ဝှမ်းမှာ သက်ကြီးပုဂ္ဂိုလ်တွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ဖြေရှင်းပေးနိုင်ဖို့နဲ့ သက်ကြီးပုဂ္ဂိုလ်တွေက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့တာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ နှစ်စဉ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပြုလုပ်လျက်ရှိကြောင်း၊အနာဂတ်နိုင်ငံတော်ကို ပုခုံးပြောင်း တာဝန်ယူမယ့် မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သက်ကြီးပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုဖော်ဆောင်ပေးတာတွေ လေးစားစွာ ဆက်ဆံပေးတာတွေနဲ့ ပြုစုစောင့်ရှောက်မှုပေးတာတွေကို လုပ်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး ဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး သက်ကြီးရွယ်အိုများ ကိုယ်စား အဘိုးတစ်ဦး၊ အဘွားတစ်ဦးတို့က ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အမျိုးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ အလှူရှင်များက ဘိုးဘွားတစ်ဦးချင်းစီအတွက် အလှူငွေများ၊ ဂါရ၀ ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဒီနေ့အခမ်းအနားမှာ မွန်ပြည်နယ်အတွင်းက သက်ကြီး ဘိုး၊ ဘွား (၁၁၇) ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၃၀၆၈၀၀၀) သိန်း ဆေးဝါးတွေနဲ့ တစ်ကိုယ်ရေသုံး ကျန်းမာရေးသုံးပစ္စည်းတွေ ထောက်ပံ့လှူဒါန်းပေးခဲ့ ကြောင်းသိရှိရသည်။