မော်လမြိုင်၊ အောက်တိုဘာ ၃
မွန်ပြည်နယ်အတွင်း ဒေသတွင်းလူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရေးဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေး ရည်ရွယ်၍ စက်မှုကဏ္ဍအောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်အတွင်း စက််မှုဇုန်များ၊ စက်ရုံစုများ အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကုန်စည်စီးဆင်းမှုအရ စီးပွားရေးရာ အချက်အခြာကျသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ကောင်းမွန်သောစီးပွားရေး အခြေအနေများဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုပ်လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (SME) လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်သည့်နေရာမှာ စက််မှုဇုန်များ၊ စက်ရုံစုများ ဖော်ဆောင်ပေးခြင်း၊ ဒေသထွက်ကုန် ထုတ်လုပ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းများ လိုအပ်သလို စီးပွားရေးနှင့် ပတ်သက်သည့် အခြေခံ အဆောက်အဦများကိုလည်း တည်ထောင်ပေးရန် လိုအပ်ကြောင်း၊ ရေရှည်ရင်းနှီးမြှုတ်နှံမှုများဆောင်ရွက်ရာတွင် ပြည်တွင်းရင်းနှီးမြှုတ်နှံများအပြင် ပြည်ပရင်းနှီးမြှုတ်နှံမှုများကိုပါ ဖိတ်ခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေးမှ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များ၊ စက််မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းအစီအမံ၊ လုပ်ထုံးလုပ်နည်းများ၊ ဒေသထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူးမှ ပြည်နယ်အတွင်းရှိ စက်မှုဇုန်ဆိုင်ရာ အချက်အလက်များအား လည်းကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများမှ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင် စက်မှုဇုန်တွင် အကြီးစား၊ အလတ်စား၊ အငယ်စား အစားအစာထုတ်လုပ်ခြင်း၊ ဆေးရွက်ကြီးနှင့်ပတ်သက်သော ကုန်ပစ္စည်းများထုတ်လုပ်ခြင်း ၊ အဝတ်အထည်ထုတ်လုပ်ခြင်း၊ ဓါတုဗေဒပစ္စည်းများနှင့် ဓါတုဗေဒထုတ်ကုန်များထုတ်လုပ်ခြင်း၊ စက္ကူနှင့် စက္ကူထုတ်ကုန်များ၊ ရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်ခြင်း၊ အခြားသတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ အခြေခံသတ္တုပစ္စည်းများထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့် စက်ပစ္စည်း ထုတ်လုပ်ခြင်း၊ ပြင်ဆင်၊ တပ်ဆင်ခြင်း၊ အခြားကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း (၁၈၂) ခု၊ အလားတူကျောက်တန်း စက်ရုံစုတွင် အကြီးစား၊ အလတ်စားလုပ်ငန်း (၁၃) ခုရှိကြောင်း သိရရှိရသည်။




