မော်လမြိုင်၊ အောက်တိုဘာ ၁
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်ရဲတပ်မှူးရုံး၊ ရာမညဇာနည်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လာခဲ့တာဟာ ယနေ့ဆိုလျှင် (၅၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်နဲ့အညီ ရဲတပ်ဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး အင်တာပိုလ် အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှာ နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအချက်အလက်များဖလှယ်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက် ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၏ ကဏ္ဍအလိုက် ရည်မှန်းချက်တာဝန်များကို ချမှတ်အကောင်အထည်ဖေါ်ဆောင်ရွက်လျက် ရှိတာကိုတွေ့ရမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှုများအပါဝင် အမျိုးစုံသောမှုခင်းများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာမှာ ရဲတပ်ဖွဲ့နဲ့အတူ တရားစီရင်ရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသော အဖွဲ့အစည်းအသီးသီးကလည်း ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် ဖို့လည်း အထူးအရေးကြီးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမှာ ဖြစ်သလို လုပ်ငန်း အပေါ်မှာ တာဝန်ကျေပွန်စွာ မှန်ကန်မွန်မြတ်တဲ့ စိတ်စေတနာကောင်းနဲ့ဆောင်ရွက် သွားဖို့လည်း တိုက်တွန်းလိုကြောင်း၊ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို ပစ်မထားဘဲ တပ်ဖွဲ့ဝင်နဲ့ မိသားစုများထံသို့ သွားရောက်ထိတွေ့ အားပေးဆောင်ရွက်ခဲ့ပြီး စားနပ်ရိက္ခာများ၊ စက်သုံးဆီနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် သက်စွန့်ကျိုးပမ်း တာဝန်ထမ်းရွက်ခဲ့သူများကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း၊ ဥပဒေကို ကိုင်တွယ်အသုံးပြုရာမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကာ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ် ရှိမှုတို့နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးဆွေမှ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများချီးမြှင့်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ရဲသူရဆု(၁)ဆုနှင့် ရဲဗလဆု (၂)ဆု ချီးမြှင့်၍ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ အဆင့်တိုးရာထူးတံဆိပ်တပ်ဆင်ပေးခဲ့ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ရဲဗလဆု(၃)ဆုအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရာသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ရဲဗလဆု၊ ရဲချုပ်အမှုထမ်းကောင်းလက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း အသီးသီးချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း ဗွီဒီယိုပြသပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးသည်။














