မော်လမြိုင်၊ အောက်တိုဘာ ၂၂
မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင် အစိုးရနည်းပညာအထက်တန်းကျောင်း၀န်းအတွင်းရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပရိဝဏ် အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေး အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ကျောင်းခန်းမဆောင်တွင် မော်လမြိုင် အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန်မှ ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ကျောင်းဆောင်သစ် အဆောက်အဦများနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်ပြီးစီးနေမှု၊ ကာလတို၊ ကာလရှည် သင်တန်းများ ပို့ချခြင်းနှင့် စာသင်ကျောင်းဖွင့်လှစ် သင်ကြားနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်၊ လူရွယ်များကို အခြေခံပညာ အထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းအင်္ဂါရပ်နှင့်အညီ လိုအပ်သည့် အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများ တက်ရောက်စေခြင်းဖြင့် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်း၏ သွင်ပြင်လက္ခဏာပေါ်လွင်စေရေး ဆောင်ရွက်ကြရန်နှင့် ကျောင်းအကျိုးပြုလုပ်ငန်းများကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


