
မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲ ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို တစိုက်မတ်မတ် အားပေးလျက်ရှိကြောင်း၊ MSMEs စီးပွားရေး လုပ်ငန်းရှင်များ၏ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ MSMEs စာရင်းများ ကောက်ယူခြင်း၊ ချေးငွေများ ထောက်ပံ့ပေးနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာသင်တန်များ ဖွင့်လှစ်ဆောင်ရွက်ခြင်းတို့အပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးကိုလည်း ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းများ၊ ဒေသထွက်ကုန်များအား တန်ဖိုးမြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စက်မှုဇုန်စီမံကိန်းများ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် မြစ်ရေတင်စီမံကိန်းများကိုလည်းဖော်ဆောင်ပေးလျက်ရှိကြောင်း၊ MSME ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ထုတ်ကုန်များ ထုတ်ပိုးမှု စနစ်ပိုမိုကောင်းမွန်လာခြင်း၊ ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်း၊ ဈေးကွက်ပိုမိုရရှိလာခြင်း၊ တီထွင်ဆန်းသစ်မှုများ ပိုမိုသိရှိလာနိုင်ခြင်း အကျိုးကျေးဇူးများလည်း ရရှိလာနိုင်မှာ ဖြစ်ကြောင်း၊ ယခု စကားဝိုင်းဆွေးနွေးပွဲမှ ဆွေးခဲ့သည့် အချက်အလက်များအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ရေတိ၊ ရေရှည် စီမံချက်များဖြင့် ဆောင်ရွက်သွားပါက များစွာအကျိုးဖြစ်ထွန်းတဲ့ ရလာဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ တာဝန်ရှိသူများနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်သင့်သည့်အချက်များအား စကား၀ိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်ဆွေးနွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍ၊ မြေယာကဏ္ဍ ၊ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်ရေးကဏ္ဍ ၊ စျေးကွက်ရရှိရေးကဏ္ဍ ၊ အခွန်ကဏ္ဍ ၊ ဘဏ်လုပ်ငန်းများကဏ္ဍ ၊ လူ့အစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြမှုအပေါ် သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။