
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်၊ မြမဟာ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ဩဝါဒဆရာတော်ကြီးများ၊ ဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ခြင်းခံရသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAဥက္ကဋ္ဌ၊ ဦးရဲထွန်း၊ အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ တွဲဘက်အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းမှ မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား နေပြည်တော် ရာဇအောင်မြေကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပဝရသိဒ္ဓိ ထံသို့ လည်းကောင်း၊ မဟာမင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်အား အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ မော်လမြိုင်မြို့မှ ဦးလှထွန်း ထံသို့ လည်းကောင်း ဆက်ကပ်လှူဒါန်းပူဇော်ခြင်းနှင့် ချီးမြှင့်အပ်နှင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ ၊ မဟာ မင်္ဂလ ဓမ္မဇောတိကဓဇ နှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်များကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဆရာတော်ကြီး (၅) ပါးထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မဟာ မင်္ဂလ ဓမ္မမဏိဇောတဓရနှင့် မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိကြသည့် လူပုဂ္ဂိုလ် (၆) ဦးတို့ကိုလည်း ဘွဲ့တံဆိပ်တော်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဲဒီနောက် မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်တွက် အလှူငွေကျပ် ၅၀ သိန်းအား မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယူအသင်း YMBA ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်ဦးက ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြသည်။
ထို့နောက် ဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ခြင်းခံရသည့် ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်ရရှိကြသည့် လူပုဂ္ဂိုလ်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆရာတော်ကြီးများကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။