
မွန်ပြည်နယ်အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေ ပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်း ဟိုတယ်များအား အမျိုးသားအဆင့် National Level (HSP) အသိအမှတ်ပြု တံဆိပ် ပေးအပ်ချီးမြင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေပိုင်းက၊ မော်လမြိုင်မြို့၊ Sun Shine Hotel ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းဟာ စီးပွားရေးကဏ္ဍအားလုံးအတွက် အရေးကြီးတဲ့ အချက်ဖြစ်တာကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ တိုးမြှင့်ရောက်ရှိလာတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားဒေသများတွင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ ဟိုတယ်မိုတယ်တည်းခိုရိပ်သာများကို ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ရရှိရေး အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်များ လျှောက်ထားမှုအတွက်လည်း သတ်မှတ်ချက်လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့်လည်း ရေရှည်တည်တံ့တဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ပေးအပ်နိုင်ရေးအတွက် ရရှိရေး အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ်အတွင်း ဟိုတယ်များအား အမျိုးသားအဆင့် National Level (HSP) အသိအမှတ်ပြု တံဆိပ် ရရှိခဲ့သည့် မွန်ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်း (၁၀) ခုအား အသိအမှတ်ပြု တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာရှိသည့် ဘုရား၊ စေတီပုထိုးများကို ဘုရားဖူးပြည်သူများ ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် ရောင်တော်ဖွင့်ခြင်း၊ ထုံးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ပန်းဆီမီးကပ်လှူခြင်း၊ ရင်ပြင်တော်နှင့် စောင်းတန်းတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်ပူဇော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စေတီတော်မြတ်ကြီး တန်ဆောင်းတော်အတွင်းရှိကျောက်စိမ်း ဗုဒ္ဓရုပ်ပွါးတော်မြတ်ကို ရောင်တော်ဖွင့်ခြင်း၊ အမွှေးနံ့သာရေများပက်ဖြန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဲဒီနောက် တန်ဆောင်းတော်များရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ရောင်တော်ဖွင့်ခြင်း၊ စေတီမြတ်ကြီးရင်ပြင်တော်ပေါ်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှူရေးအသင်းအဖွဲ့များ၊ အများပြည်သူများက ကုသိုလ်ယူ ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း စိုက်ပျိုးမြေများကို စိုက်ဧကလျော့နည်းမှု မရှိစေရေး၊ အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရာတွင် မစိုက်ပျိုးနိုင်သည့် မြေများကို ရှာဖွေဖော်ထုတ်ပြီး စိုက်ဧကတိုးမြှင့်၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စိုက်ဧကလျော့နည်းမှုမရှိစေရေး၊ အထွက်နှုန်းကျဆင်းမှု မရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေး ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားရန် လိုကြောင်း၊ တောင်သူများအနေဖြင့် အကျိုးပြုစိုက်ဧကများအပေါ် သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် မျိုးစပါးများ၊ စိုက်ပျိုးရေများရရှိနိုင်ရေးအတွက်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကော်မတီဝင်များမှ မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊ ကွင်းဆင်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။