
မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၏ ပဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သော အတွင်း အောင်ခြင်း(၈)ပါး၊ အပြင် အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ္တ တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သြဝါဒဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန် ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဲဒီနောက် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတရေး အဂ္ဂမဟာသဒ္ဓမ္မ ဖောတိကဓဇ) ဘဒ္ဒန္တဝိမလ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြ သည်။
ဆက်လက်ပြီး နံနက် (၈) နာရီအချိန်တွင် သြဝါဒဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါး (ပါဠိတော်)၊ ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ္တ တရားတော်ကို ရွက်ဖတ်ပူဇော်ခဲ့ကြပြီး စေတီတော််မြတ်ကြီး၏ စောင်းတန်းတော်များတွင် ဝတ်အသင်းအဖွဲ့များကလည်း အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါး (ဘာသာပြန်)၊ ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ္တ တရားတော်များကို တပြိုင်တည်းရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့၊ ရွှေမြင့်မိုရ်တောင်ဘုရားကိုးခန်းကြီးရင်ပြင်တော်၊ ကျိုက်မရောမြို့နယ် ဆုတောင်ပြည့်ဘုရာကြီးဝင်း ဒက္ခိ ဏာရာမိက ဗိမာန်တော်ကြီး၊ မုဒုံမြို့၊ ကန်ကြီးဆံတော်ရှင်စေတီတော်၊ မဟာမြတ်မုနိ ဓမ္မာရုံ၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရေလည်ဆံတော်ရှင်ဆုတောင်းပြည့်ဘုရားကြီး၊ ရေးမြို့နယ် တပလ္လင်နှစ်ဆူကျောင်းဝန်းအတွင်းရှိ လျောင်းတော်မူမြတ်စွာဘုရားကြီး ဓမ္မာရုံ၊ ကျိုက်ထိုမြို့၊ မြို့နယ်သာသနာ့ဗိမ္မာန်တော်၊ ဘီးလင်းမြို့၊ မဟာသန္တိသုခ စေတီတော်မြတ် ဓမ္မာရုံ၊ ဘီးလင်းမြို့၊ ရန်အောင်မြင်စေတီတော်ဝင်းအတွင်းရှိ လမ်းမတော်ကျောင်းတိုက်၊ ပေါင်မြို့နယ်၊ ကဒုံစီးတိုက်ကျောင်းတို့တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှ အတွင်းအောင်ခြင်း (၈) ပါး (ပါဠိတော်)၊ အပြင်အောင်ခြင်း (၈) ပါး၊ ပရိတ်ကြီး (၁၁) သုတ်မှ ဓဇဂ္ဂသုတ္တ တရားတော်များ ရွက်ဖက်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါး (ဘာသာပြန်)၊ ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ္တ တရားတော် ရွက်ဖတ်ပူဇော်ခြင်းကို နံနက် ၈ နာရီ အချိန်တွင် တပြိုင်တည်းရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်သည့် နွေစပါး တစ်ဧက (၁၂၀) တင်းထွက်ရှိရေး ဧက (၁၀၀) စံပြစိုက်ကွက် တောင်သူများအားယူရီးယား ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ တာဝန်ရှိသူမှ၊ ပေါင်မြို့နယ်အတွင်း နွေစပါး တစ်ဧက (၁၂၀) တင်းထွက်ရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရာတွင် မစိုက်ပျိုးနိုင်သည့် မြေများကို ရှာဖွေဖော်ထုတ်ပြီး စိုက်ဧကတိုးမြှင့်စိုက်ပျိုးရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် အထွက်နှုန်း လျာထားချက်ထက် ပြည့်မီကျော်စေရေး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးရေရရှိရေး ရေနုတ်မြောင်းများ တူဖော်ပေးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်နိုင်ရေး တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအားယူရီးယား ဓါတ်မြေဩဇာထောက်ပံ့ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ နန်းတော် နို့စားနွားနှင့် နွားအလှမွေးမြူရေးခြံသို့ ရောက်ရှိခဲ့ကြပြီး နို့စားနွားနှင့် နွားအလှမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မွေးမြူရေးခြံတာဝန်ရှိသူမှ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဂူကြီး ရွှေဂူလေး ရှေးဟောင်းစေတီမြတ်ကို ဖူးမြော်ကြည်ညို၍ ပန်းကပ်လှူပူဇော်ခဲ့သည်။
အဲဒီနောက် စေတီတော် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ထုံးသင်္ကန်းကပ်လှူပူဇော်ခြင်းများကို ကုသိုလ်ယူ ဆောင်ရွက်ခဲ့သည်။