
\မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်သည်။
ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် စစ်ခရာအဖွဲ့မှ ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအားလွှင့်ထူခဲ့ပြီး တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံ အားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများအားအလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူခဲ့ကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲမှ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုတပ်ခွဲမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။