
မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဖွင့်ပွဲတွင် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျာင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကလေးသူငယ်များကို အန္တရာယ်ရှိသောအလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်သင်တန်းကျောင်းမှ ကလေးများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် သင့်လျှော်သော အလုပ်အကိုင်ရရှိစေရုံမျှမက ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက် ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနများနှင့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်လာစေရန် သက်မွေးဝမ်းကြောင်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးပြီး သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှ သင်ယူ တတ်မြောက်သည့် ပညာရပ်များကို လက်တွေ့ နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများ၏ မြန်မာ့ရိုးရာသိုင်း သရုပ်ပြသခြင်းနှင့် ဗိုဗီနမ်သိုင်း စွမ်းရည်ပြသခြင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးကာ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို အဓိကထား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် အခြေအနေများတွင် လူ့အသက်ပေါင်းများစွာကို ကယ်ဆယ်လျက်ရှိသည့် ရှေးဦးပြုစုခြင်း ပညာရပ်များကိုလည်း နှစ်စဉ်သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျှက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ဖြစ်ပွားလာပါက စနစ်တကျပြုစုမှုနဲ့ စောင့်ရှောက်မှုမပြုနိုင်သေးတဲ့ အရေးပေါ်အခြေအနေတွေမှာ ထိခိုက် ရမှုမှ သက်သာစေရန်အသက်ကယ်တင်နိုင်ရန်အတွက် ရှေးဦးစွာ ကူညီစောင့်ရှောက်ပေးခြင်းဖြစ်တဲ့တွက် များစွာအရေးကြီးကြောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာဆိုတာ လူတိုင်းမဖြစ်မနေ သိရှိနားလည်ကာ တတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုဖြစ်သည်နှင့်အညီ ယခုသင်တန်းမှာရှေးဦးပြုစုခြင်း အတတ်ပညာတွေကို မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် နည်းပြများမှ စာတွေ့၊ လက်တွေ့ များဖြင့် သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသား မောင်မယ်တို့အနေဖြင့် မိမိတို့တတ်ထားတဲ့ ရှေးဦးပြုစုခြင်း အတတ်ဖြင့် ပြည်သူလူထုအား ကူညီရင်းနဲ့ မိမိတို့ရဲ့ မြို့နယ်အတွင်းမှာ ရှေးဦးပြုစုခြင်း အတတ်ပညာကို ပြန့်ပွားအောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်ဖြင့် သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပြည်နယ်တပ်ဖွဲ့မှူးမှ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မော်လမြိုင်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌရုက္ခဗေဒဌာန ပါမောက္ခဌာနမှူး သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားလေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။