Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​သထုံမြို့နယ်၊ အလံတစ်ရာ စေတီ​တော်မြတ်ကြီး ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်ခြင်း အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​သထုံမြို့နယ်၊ အလံတစ်ရာ စေတီ​တော်မြတ်ကြီး ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်ခြင်း အခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၁၆
မွန်ပြည်နယ်တစ်ခွင်မှာ တန်းခိုးကြီး ဘု​ရား​စေတီပုထိုးများစွာတည်ရှိပြီး တန်းခိုးကြီး ဘု​ရား​စေတီပုထိုးများအနက်မှ သထုံမြို့နယ်၊ ဇရစ်​ချောင်​ကျေးရွာ အလံတစ်ရာကုန်း​တော်၌ တည်ထားကိုးကွယ်​တော်မူ​သော ​အလံတစ်ရာ စေတီ​တော်မြတ်ကြီး ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်ခြင်း အခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၁၆ ရက်​နေ့၊ နံနက်ပိုင်းက စေတီ​တော်မြတ်ကြီး၏ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။
​ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ၊ နန်းဦးကျောင်းတိုက်၏  ဦးစီးပဓာနနာယက မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အရှင် သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက (၉)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ အလံတစ်ရာစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း တို့​ဆောင်ရွက်ခဲ့ကြသည်။
ထို့​နောက် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီ​နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များက ရွှေထီးတော်တင်လှူပူဇော်မည့် မင်္ဂလာရထားပျံမဏ္ဍာပ်မှ ရွှေထီးတော်ပထမဘုံအဆင့်ကို မင်္ဂလာရထားပျံဖြင့် စေတီတော် အထွဋ်သို့ ပင့်ဆောင်တင်လှူခဲ့ကြသည်။
သထုံမြို့နယ်၊ အလံတစ်ရာ စေတီ​တော်မြတ်ကြီး ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူ​ဇော်ခြင်းအခမ်းအနားကို ယ​နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ကျန်ထီးတော်ဘုံ အဆင့်များတင်လှူပူ​ဇော်ခြင်းအား ဖေ​ဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့ထိ လည်း​ကောင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ တင်လှူပူဇော်ခြင်းအား ​ဖေ​ဖော်ဝါရီလ ၂၆ ရက်​နေ့တွင် လည်း​ကောင်း၊ တင်လှူပူဇာ်သွားမည်ဖြစ်ပါကြောင်းနှင့် အလံတစ်ရာ စေတီ​တော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ အများပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိ​ကြောင်းလည်း သိရှိရသည်။






You may also like