
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေသာယာလှပပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့မှုများ ရရှိစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာနိုင်စေရေး အလို့ငှာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များရှင်းလင်းခြင်းဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်ရိုးတန်းလမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိအခြေအနေအား လှည့်လည် ကြည့်ရှုခဲ့ကြသည်
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရန်၊ မြို့နယ်များအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရှိစေရန်နှင့် မြို့၊ ရွာ ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် ဒေသတွင်း ဆီဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို ဦးစားပေးကဏ္ဍအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာ၊ နေကြာစံပြစိုက်ခင်းသို့ရောက်ရှိခဲ့ကြပြီး နေကြာသီးနှံ ကွင်းသရုပ်ပြခြင်းနှင့် နေကြာစိုက်တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှုထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မိုးစပါးကို ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီးဖြစ်၍ နွေစပါးအပါအဝင် နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုစိုက်ပျိုးသွားရန်လိုပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင် ပြေစေရေး အတွက် ချေးငွေများကိုအတိုးနှုန်းသက်သာစွာဖြင့် ချေးယူနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း၊ ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်၍ စိုက်ပျိုးသည့် နည်းစနစ်များ၊ သွင်းအားစုများကိုလည်း အဖက်ဖက်မှ ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် အားပေးကြရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒေသခံနေကြာစိုက် တောင်သူများမှ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှု၊ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူရရှိလိုမှုနှင့် သက်သာသည့် နှုန်းထားများဖြင့် ငှာရမ်းအသုံးပြုလိုမှု၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးလိုမှု အခြေအနေများအား တင်ပြတောင်ခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နေကြာစိုက် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ကြပြီး
စံပြစိုက်ကွက်များရှိ ဆောင်းသီးနှံ စိုက်ပျိုး နေကြာ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်/ ခရိုင် / မြို့နယ် ဥပဒေအရာရှိများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ကြပြီး မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ ဥပဒေအရာရှိက ဥပဒေအရာရှိများ၏ တာဝန်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပညာရှင်တစ်ဦးဖြစ်ဖို့ ဥပဒေကို သိကျွမ်းနေရုံနဲ့မရဘဲ ဥပဒေစိတ်ထားနှင့် ဥပဒေကိုရှင်သန်အောင် ပြုမှုဆောင်ရွက်သွားမည် ဆိုလျင် ဥပဒေအရာရှိကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဥပဒေအရာရှိတွေရဲ့ အကြံအဉာဏ်ကို ရယူပြီး ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် ဥပဒေအကြံပြုချက်တွေကို ဥပဒေနဲ့အညီ ပြန်ကြား တဲ့အခါ တည့်မတ်မှန်ကန်မှုကိုတန်ဖိုးထားခြင်း၊ ဘက်လိုက်ခွဲခြားမှုမရှိစေခြင်းတို့ဖြင့် နိုင်ငံတော်ကကျင့်သုံးလျက်ရှိသည့် မူဝါဒကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ဥပဒေအရာရှိများ အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများတွင် မိမိတို့တတ်ကျွမ်းထားသည့် ဥပဒေ အတတ်ပညာဖြင့် ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေအရာရှိများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။