
မွန်ပြည်နယ်အတွင်းရှိ သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇဘွဲ့နှင့် ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိခဲ့ပြီးသော ဆရာတော်ကြီးများအား ထပ်ဆင့် ဆက်ကပ် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ ဘာသာသန ဝေပုလ္လာရာမကျောင်းတိုက်၊ ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ ပင့် သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သပ်များ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်များ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ သာသနဝေပုလ္လရာမ ကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဦးပါလိ မဟာထေရ်မြတ်ထံ ဧည့်ပရိတ်သပ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇဘွဲ့နှင့် ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ထပ်ဆင့်ဆက်ကပ် ဂုဏ်ပြုပူဇော်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဲဒီနောက် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။