
မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့ကြီး၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် လေးထပ်ရာမညသာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ ပင့် သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သပ်များ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုခဲ့ပြီး ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများကအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ရေးမြို့နယ်၊ အဘော်ကျေးရွာ မဟာဝိဟာရကျောင်းတိုက်၏ ဦးစီးပဓါန နာယက ဆရာတော်ဒေါက်တာ ဝန္နသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ရာမညဓမ္မာစရိယ အဖွဲ့ ဥက္ကဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒ သာရ၊ ရာမညဓမ္မာစရိယ အဖွဲ့ ဒုတိယဥက္ကဌ ပရိယတ္တိဝေဒီ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပါလရာမည ဆရာတော်ကြီးများမှ သြဝါဒချီးမြှင့် မြွက်ကြားခဲ့ကြသည်။
ထို့နောက် ရာမညဓမ္မာစရိယ အဖွဲ့ ပဓါနဟိတဓရ (အကျိုးတော်ဆောင်ချုပ်) ဆရာတော် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မွန်ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေသရမှ ရာမညနိကာယပရိယတ္တိ စာမေးပွဲကြီး ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့ကြီး၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ခြင်း၊ လေးထပ်ရာမညသာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။