
မွန်ပြည်နယ်တွင် လူငယ်များအနေဖြင့် အားကစားနည်းများကို အခြေခံကျနားလည် တတ်မြောက်စေရန်နှင့် မျိုးဆက်သစ်အားကစား သမားများကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် မွန်ပြည်နယ် နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးဦးတည်၍ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ကဏ္ဍပေါင်းစုံမှ ပံ့ပိုးပေးလျက်ရှိရာ အားကစား ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်စေခြင်းတို့ဖြင့် ပြည်နယ်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီကျောင်းပိတ်ရက်မှာ လူငယ်များ အားကစား လှုပ်ရှားမှုကို အခြေခံမှစ၍ စနစ်တကျနားလည်သင်ယူနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံ အားကစားသင်တန်းကနေ ပြည်နယ်အတွက် အားထားရတဲ့ မျိုးဆက်သစ်အားကစား သမားများတွေ ပေါ်ထွက်လာမှာဖြစ်ပြီး အားကစားအဆင့်တန်းလည်း ထွန်းတောက်လာမှာဖြစ်သည့်အပြင် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံညီညွှတ်မှုများ အကျိုးကျေးဇူးများရရှိစေမှာဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် အားကစားနည်း အလိုက် အခြေခံကောင်း များကို ကြိုးစားလေ့ကျင့်သွားကြရန်နှင့် ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာအောင် စွမ်းစွမ်းတမံ လေ့ကျင့်သင်ယူ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သင်တန်းသူ၊ သင်တန်းသား အားကစားသမားလေးများကို ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့ကြသည်။
မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက၊ မုဒုံမြို့၊ ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များရဲ့ အားနည်းချက်၊ အားသာချက် များကို သိရှိပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ MSMEs Talk Show စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ပရခြင်းဖြစ်ကြောင်း၊ စကားဝိုင်း ဆွေးနွေးပွဲမှ ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်မဲ့ လုပ်ငန်းဈေးကွက်အခိုင်အမာရရှိရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန် အတွက် လိုအပ်သည့် အခက်အခဲနှင့် မတည်ရင်းနှီးငွေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ဆောင်ရွက်နိုင်မှု အခြေအနေ၊ စွန့်ဦးတီထွင် လုပ်ငန်း အခန်းကဏ္ဍများအပြင် များစွာ အကျိုး ဖြစ်ထွန်းတဲ့ရလဒ်ကောင်းများ ပေါ်ထွက်လာမယ်လို့ ယုံကြည်မိပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးတို့ (အစိုးရအဖွဲ့အတွင်းရေးမှူး) တို့က မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်ကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် စကားဝိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်ဆွေးနွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍ၊ မြေယာကဏ္ဍ ၊ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်ရေးကဏ္ဍ ၊ စျေးကွက်ရရှိရေးကဏ္ဍ ၊ အခွန်ကဏ္ဍ ၊ ဘဏ်လုပ်ငန်းများကဏ္ဍ ၊ လူ့အစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြမှုအပေါ် ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။