
မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ငြိမ်းချမ်း သစ္စာနိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညို ခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဂန္ထဝါစကပဏ္ဍိတ၊
ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တသာသန အရှင်
သူမြတ်ထံမှ ငါးပါး သီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ ငြိမ်းချမ်း သစ္စာနိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်ကြီးတွင်၊ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား ဆက်ကပ်ပူဇော်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
ထို့နောက် စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော် လက်ယာရစ် သုံးပတ်လှည့်လည် ပင့်ဆောင်၍ မင်္ဂလာအချိန်တွင် မင်္ဂလာရထားပျံဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ တင်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်၊သံဃာတော်၊အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။