
မွန်ပြည်နယ်အတွင်း တန်းခိုးကြီး ဘုရားစေတီပုထိုးများအနက်မှ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အလံတစ်ရာကုန်းတော်၌ တည်ထားကိုးကွယ်တော်မူသော အလံတစ်ရာ စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညို ခဲ့သည်။
ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ၊ နန်းဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၊ အလံတစ်ရာစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း တို့ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များက ဩဝါဒကထာများ ချီးမြှင့်ပေးတော်မူ ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီနောက်ဆရာတော်သံဃာတော်များအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်၌ မင်္ဂလာရထားပျံပေါ်သို့ ပင့်ဆောင်ကာ စေတီတော်အထွဋ်သို့ တင်လှူ ပူဇော်ခဲ့ကြသည်။