
မွန်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ
ကို စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက ပေါင်မြို့၊ အခြေပညာအထက်ကျောင်းသို့ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းသူ၊ ကျောင်းသားလေးများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားခဲ့သည်။
မွန်ပြည်နယ်အနေဖြင့်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိပြီး ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇၆၈) ဦး (ဖြေဆိုသူ ၉၂ ဒဿမ ၇၃ ရာခိုင်နှုန်း) ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံး၌ ပေါင်မြို့နယ် အတွင်းရှိ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများအား e-ID Server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဲဒီနောက် မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေပြင် ကွင်းဆင်းစာရင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများအား e-ID Server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။