
မော်လမြိုင်၊ ဧပြီ ၁၉
မွန်ပြည်နယ်၊ ပြည်နယ်အဆင့် ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားကို ဧပြီလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွေးရူးပြန်ရောဂါဟာ လူသားတို့၏ သမိုင်းကြောင်းတွင် အလွန် ရှေးကျသော ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရောဂါလက္ခဏာများ စတင်ပြသမှုရှိပြီဆိုလျှင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးကုသမှုမျိုး ယနေ့တိုင် မရှိသေးကြောင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၏ စံကိုက်ဆေးထိုးနည်း အစီအစဉ်များအနေဖြင့် တိရစ္ဆာန်နှင့် မထိတွေ့ အကိုက်မခံရခင်တွင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းနှင့် တိရစ္ဆာန်အကိုက်ခံရပြီး ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် ထိုးနှံပေးလျက်ရှိသလို ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းအနေဖြ င့်နှစ်ကြိမ် ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည့်အတွက် ပြည်နယ်အတွင်းရှိ ရဟန်းရှင်လူ အများပြည်သူများအတွက် များစွာ အကျိုးရှိမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ခွေးကိုက်ခံရသူများအား ဒဏ်ရာပြုစုခြင်း၊ ပြင်းထန်လူနာများအား ဆေးရုံတွင် ကုသပေးခြင်း၊ ခွေးရူးပြန်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း၍ ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းကို ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခွေးရူးရောဂါပပျောက်ရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်နိုင်မည် ဖြစ်သဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းမှ ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရဟန်းသံဃာများနှင့် အများပြည်သူများကို ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံပေးနေခြင်း အပေါ်ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၏ ထင်ရှားသည့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ် ဘုရားပွဲတော်များကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာတွင် ဧည့်သည်ခေါ် ဘုရားပွဲတော်၌ ရပ်နီး၊ ရပ်ဝေးမှ ဧည့်သည်များ၊ ဒေသခံများဖြင့် အထူးစည်ကားသိုက်မြိုက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကွမ်ရိုက်ကျေးရွာ၊ ဆံတော်ရှင် ကျိုက်တမော့လဲ့စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ချောင်းဆုံမြို့နယ်၊ နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ် ဘုရားပွဲတော်သည် မြို့နယ်အတွင်းရှိ ကျေးရွာများအလိုက်် ရွာဘုရားပွဲနေ့များတွင် မိမိအိမ်သို့ ရောက်လာသော ဧည့်သည်များကို မည်သူမဆို ခင်မင်ရင်းနှီး ဧည့်ဝတ်ပျူငှာစွာ ဧည်ခံအကျွေးအမွေးများဖြင့် ဖွယ်ဖွယ်ရာရာဖြင့်ပြင်ဆင်ထားပြီး ရွာလုံးကျွတ် အိမ်တိုင်းဧည့်ခံကြသည့် မွန်တိုင်းရင်းသားလူမျိုးတို့၏ ချစ်စရာ့ ဓလေ့ထုံတမ်း အစဉ်အလာတစ်ခုဖြစ်ပါကြောင်း သိရှိရသည်။






