မော်လမြိုင်၊ မေ ၂
မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်တော် ဖွင့်ပွဲနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ သာသနာ့ရောင်ခြည်ကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘနသာရ ထံမှ ငါးပါးသီလခံယူခဲ့ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်တော် ဆောက်လုပ်လှူဒါန်းပေးခြင်းအပေါ် ကျောင်းအကျိုးဆောင်အဖွဲ့ တာဝန်ရှိသူတစ်ဦီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗျည်းမော်ကွန်းကို အမွေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြပြီး ရတနာ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်တော်ဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ဦးစီးအမှူးပြု၍ အလှူရှင်များမှ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်တော်၏ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုခဲ့ကြပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကြောင်း သိရှိရသည်။










