
မော်လမြိုင်၊ မေ ၅
မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးကဏ္ဍအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ နွေရာသီတွင် မြို့ပြနှင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိများသည် မေလ ၄ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ အတ္ထရံရေသန့်စင်စက်ရုံသို့ ရောက်ရှိခဲ့ကြပြီး အတ္ထရံရေသန့်စင်စက်ရုံ စီမံကိန်းရှင်းလင်းဆောင်တွင် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုမှ ရေသန့်စင်စက်ရုံဆိုင်ရာ အချက်အလက်များ၊ မြို့ရေပေးဝေရေး လွှမ်းခြုံနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီတွင် ရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ရေအရင်းအမြစ်များကို ရှာဖွေဖော်ဆောင်၍ စနစ်တကျထိန်းသိမ်း အသုံးပြုသွားကြရန်၊ မြစ်ရေတင်လုပ်ငန်းများမှ သောက်သုံးရေများအား လုံလောက်စွာ ရရှိရေးအတွက် ကြိုတင် ပြင်ဆင်ထားရန်နှင့် လိုအပ်သည့် သောက်သုံးရေများအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အတ္ထရံရေသန့်စင်စက်ရုံမှ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်မြို့အတွင်း သောက်သုံးရေ လုံလောက်စွာရရှိရေး အတ္တရံ (၁)၊ အတ္ထရံ (၂) ရေသန့်စင်စက်ရုံများ၊ ကင်မွန်းခြုံဆည်နှင့် ရွှေနတ်တောင်တောင်ဆည်များမှ ရေပေးဝေနိုင်သည့်ရပ်ကွက် (၂၃) ရပ်ကွက်၊ လူဦးရေ (၂၂၆၄၇၂) ဦးအတွက် တစ်ရက်လျှင် ရေဂါလံစုစုပေါင်း (၆၇.၀) သိန်းအား နေ့စဉ်ရေဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်မရောမြို့တွင် မြို့ရေပေးဝေရေးမှ သွယ်တန်းထားရှိသည့် ရေသွယ်ပိုက်များနှင့် အလှမ်းကွာဝေးသော ရပ်ကွက်/ ကျေးရွာအချို့တို့တွင် နွေရာသီတွင်သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များမှ ရေသယ်ယာဉ်များဖြင့် ရေပေးဝေလျက်ရှိရာ ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ငွေသဇင်လမ်းတွင် ရပ်ကွက်နေပြည်သူများအား သောက်သုံးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီတွင် ရေရှားပါးမှုများကြုံတွေ့နေရသည့် မြို့ပေါ်ရပ်ကွက်အချို့သာမက ကျေးရွာများပါမကျန် သောက်သုံးရေ လုံလောက်စွာရရှိရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ သောက်သုံးရေရရှိရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကျိုက်မရောမြို့နယ်အတွင်း သောက်သုံးရေ လုံလောက်စွာရရှိရေး (အတ္တရံမြစ်ရေတင်) ရှင်စောပုရပ်ကွက် မြေသားရေလှောင်ကန်မှ မြို့တွင်းရေစင် (၆)သို့ ရေတွန်းပိုက်လိုင်းများဖြင့် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်၊ လူဦးရေ (၂၀၃၃၄) ဦးအတွက် တစ်ရက်လျှင် ရေဂါလန်စုစုပေါင်း (၁၂.၀) သိန်းအား နေ့စဉ်ရေဖြန်းဖြူးပေးလျက်ရှိပြီး ရေသွယ်ပိုက်များနှင့် အလှမ်းကာဝေးသော ရပ်ကွက်/ ကျေးရွာအချို့တို့အား ရေသယ်ယာဉ်များဖြင့် တစ်ရက်လျှင် ရေဂါလံ (၇၆၀၀) ဂါလံ ရေပေးဝေရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
၂ဝ၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့၊ ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မွန်ပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်၀န်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်၍ အခမ်းအနားတွင် မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ဂုဏ်ပြုစစ်ကြောင်းမှ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မွန်ပြည်နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်အားလုံးအား အထူးပင် ဂုဏ်ပြုပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ လူနေမှုဘဝများအတွက် မီးဘေးနှင့် အခြားသောဘေးအန္တရာယ်များမှ ဘေးကင်းလုံခြုံစေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသလို ကြိုတင်စီမံမှုကဏ္ဍ၊ မီးဘေးလုံခြုံရေးကဏ္ဍနှင့် ရှာဖွေ ကယ်ဆယ်ရေး ကဏ္ဍ၊ ပြန်လည်သုံးသပ်မှုကဏ္ဍများကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးများလျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆော်ဩသတိပေးခြင်း၊ ဟောပြောပို့ချသရုပ်ပြသခြင်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် အချက်များစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မီးတပ်တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ရဲ့ သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြရန်၊ ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ်များအပေါ် ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ် ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်အကျိုး၊ ပြည်နယ်နယ်အကျိုးကို ကျရာနေရာ အခန်းကဏ္ဍကမှ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင်များမှ (Brave Heart) တစ်ဦးချင်း သရုပ်ပြသခြင်း၊ (Fire Installation) သရုပ်ပြသခြင်း နှင့် (Gas) ပိုက်လိုင်းမီးငြိမ်းသတ်မှု သရုပ်ပြသခြင်းဖြင့် မီးငြိမ်းစွမ်းရည်ပြသခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်သဘဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ယင်းအောက်ရှိ လုပ်ငန်းကော်မတီ(၁၁)ရပ်ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအနီးကပ် ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးလေဝသ သတင်းထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ ပြီး တစ်ဖြည်းဖြည်း အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သည်ဟု ထုတ်ပြန်ထားသဖြင့် မိမိတို့ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားလာပါက ကြိုတင် ပြင်ဆင်ထားရှိနိုင်ရေး ယခုလို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော လူအင်အားစုဖွဲ့မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို အရန်သင့်စုဆောင်းထားရှိကြရန် လိုအပ်ကြောင်း၊ ဘေးဖြစ်စဉ်များအပေါ် အခြေ ပြု၍ အားနည်းချက်၊ အားသာချက်များကို ဖြည့်ဆည်းပြီး ဘေးဒုက္ခခံစားရသည့် ပြည်သူလူထု အတွက် လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားကြရန်နှင့် ဆက်သွယ်ရေး စနစ်ပြတ်တောက်မှုမရှိစေရေးအတွက် ထူးခြားဖြစ်စဉ်များအပေါ် အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြဖို့လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ဖြစ်ပွား လာနိုင်သည့်ဘေးဖြစ်စဉ်များအပေါ် ကြိုတင်မျှော်တွေးတွက်ဆ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ထားရှိကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ၊ အတွင်းရေးမှူး၊ (အစိုးရအဖွဲ့အတွင်းရေးမှူး) ဦးတိုးဝင်းမှ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ(၁၁)ရပ်မှ တာဝန်ရှိသူများမှ ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်လမြိုင်သင်တန်းစခန်း အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသူ၊ သင်တန်းများအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းကို ယနေ့၊ နေ့လယ်ပိုင်းက မော်လမြိုင့၊ ရွှေနတ်တောင် အခြခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသူ၊ သင်တန်းသားများနှင့် ဂုဏ်ပြုနေ့လယ်စာအား အတူတကွသုံးဆောင်ကြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကာ သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


























