
မော်လမြိုင်၊ မေ ၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို မေလ ၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ အမှတ် (၈) အခြေခံပညာကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များက အတီးအမှုတ်၊ အကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်မရောမြို့၊ အခြေခံပညာအထက်ကျောင်းရှေ့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး မြေစိုက်ပိုစတာအား အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။
မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက၊ ကျိုက်မရောမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များရဲ့ အားနည်းချက်၊ အားသာချက် များကို သိရှိပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ MSMEs Talk Show စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ပရခြင်းဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံ့စီးပွားတိုးတက်မှုတွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေသည့် MSME လုပ်ငန်းများအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ဝေစုရရှိရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာရေးတို့အတွက် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ ကျင်ပပြုလုပ်ခဲ့ကြောင်း၊ MSME စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်မဲ့ လုပ်ငန်းဈေးကွက်အခိုင်အမာရရှိရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန် အတွက် လိုအပ်သည့် အခက်အခဲနှင့် မတည်ရင်းနှီးငွေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ထုတ်ကုန်များ၊ စွန့်ဦးတီထွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အဘက်ဘက်မှ အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခု စကားဝိုင်းဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် စီမံချက်များဖြင့် အကောင်ထည်ဖော် ဆောင်ရွက်သွားပါက များစွာအကျိုးဖြစ်ထွန်းတဲ့ ရလာဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး (အစိုးရအဖွဲ့အတွင်းရေးမှူး) တို့က မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်ဆွေးနွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍ၊ မြေယာကဏ္ဍ ၊ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်ရေးကဏ္ဍ ၊ စျေးကွက်ရရှိရေးကဏ္ဍ ၊ အခွန်ကဏ္ဍ ၊ ဘဏ်လုပ်ငန်းများကဏ္ဍ ၊ လူ့အစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြမှုအပေါ် ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။













