
မော်လမြိုင်၊ မေ ၁၀
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီး၊ ရင်ပြင်တော်၊ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်အရှင်သူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီး မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်တိုက်ကျောင်းစာသင်တိုက်၏ ဦးစီးပဓါနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ပရိယတ္တိ ပထမကျော်နှင့် ဓမ္မာစရိယ ငါးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တပညာဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယတော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဲဒီနောက် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိမလ ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအား ရုပ်သိမ်းခဲ့ကြသည်။
အသက် (၁၅)နှစ်နှင့် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲများသို့ မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလုံးအသင်းများ အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး မျိုးဆက်သစ် လူငယ် ကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းနှင့် ရာမည FC ဘောလုံးအသင်းတို့အတွက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစား သမားများသည် အဓိကကျပြီး ယင်းတို့ကို ထောက်ပံ့ပေးနိုင်မှုကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များကို အလေးထား စဉ်းစားကြရန်လိုအပ်သည့်အပြင် အားကစားသမား များ စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်နိုင်ရန် လိုအပ်တဲ့ ပံ့ပိုးထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်ကိုယ်စာပြု ဝင်ရောက်ယှဉ်ပြကြမည့် အမျိုးသားဘောလုံးအသင်းများ ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေးအတွက် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဘော်လုံးဆပ်ကော်မတီဝင်များ၏ တာဝန်ရှိသူများမှ မွန်ပြည်နယ်ကိုယ်စာပြု အသက် (၁၅)နှစ်နှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး အကြံပြု တင်ပြခဲ့ကြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့သည်။












