
မော်လမြိုင်၊ မေ ၁၂
မွန်ပြည်နယ်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade (9)နှင့် Grade (12) သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ပင်မဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက်ပါမေက္ခ၊ ကထိကများ၊ အခြေခံကျောင်းများမှ ဆရာ၊ ဆရာမများညတက်ရောက်သည်။
အခန်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အရည်အချင်းမီ၊ အဆင့်အတန်းမီ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် အခြေခံပညာအဆင့်မှစတင်၍ သင်ကြားရေးစွမ်းရည်ပြည့်ဝသည့် ဆရာ၊ ဆရာမများပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သည်Grade (9)နှင့် Grade (12)အတန်းများ သင်ရိုးသစ်များဖြင့် စတင်သင်ကြားကြရမည်ဖြစ်သည့်အတွက် သင်ရိုးသစ်များသည် ကျောင်းသား အခြေပြု စနစ်ဖြင့် သင်ကြားခြင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များသို့ တက်ရောက်ခွင့်နှင့် အဆင့်မြင့်ပညာ သင်ကြားရေး လမ်းကြောင်းများသို့လည်း တက်ရောက်ခွင့်ရှိသည့် စနစ်သစ် ပညာရေးဖြစ်ကြောင်း၊ ဘာသာရပ်ဆင့်ပွားသင်တန်းများသည် ကျောင်းသူ၊ ကျောင်းသားများအားလက်တွေ့သင်ကြားနိုင်ရေး ဖွင့်လှစ်သည့် သင်တန်းဖြစ်သောကြောင့် စနစ်သစ်ပညာရေးတွင် ကျောင်းသူ၊ ကျောင်းသားများအရည်သွေးရှိရှိတက်မြောက်မှုအတွက် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သိသင့် သိထိုက်သော အသိပညာ အတတ်ပညာ မှန်သမျှကို လေ့လာဆည်းပူး သင်ယူသွားကြဖို့ လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးသစ် ဘာသာရပ်သင်ခန်းစာများ သင်ကြားရာတွင် မှန်ကန်စွာ လက်တွေ့အသုံးချတတ်စေရေး၊ သင်ခန်းစာချိတ်ဆက်သင်ကြားနိုင်ရေးနှင့် ကျောင်းသူ၊ ကျောင်းသားများအား ထိရောက်စွာ ပြန်သင်ကြားပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက််ပြီး မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ယဥ်မျိုးသူမှ မွန်ပြည်နယ်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade (9)နှင့် Grade (12) သင်ရိုးသစ် ဆင့်ပွားသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်မှ မွန်ပြည်နယ်အတွင်း သင်ရိုးသစ်ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade (9)နှင့် Grade (12) သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်ကြမည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြသည်။
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ယနေ့၊ မွန်းလွဲပိုင်းက၊ ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာ၌ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ စုဖွဲ့၍ ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့်သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နတ်မှော်ကျေးရွာ (Cyclone Shelter) ၌ သသာဝဘေးဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေး စောင့်ရှောင့်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများဖြင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အများပြည်သူများအနေဖြင့် မုန်တုန်းအန္တရယ် သတိပေးချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုကို အထူးဂရုစိုက်၍ မပေါ့ဆကြရန်နှင့် မိုးလေဝသသတင်းများ၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များလို စောင့်ကြည့်ပြီး ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကယ်ဆယ်ရေးစခန်းများသို့ လျှင်မြန်ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်ဖြင့် မှာကြားကာ ဒေသခံပြည်သူများ၏ လက်တလောလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ဆက်သွယ်မည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေ မြေသားလမ်းနှင့် ကျောက်ရောမြေ/ဂဝံခင်းခြင်းလုပ်ငန်း ဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးက လမ်းဖောက်လုပ်သွားမည့်အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှုင်းကာ လိုအပ်သည်များကိုဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်း ဖောက်လုပ်ပြီးစီးပါက ဒရယ်၊ ကလွီ၊ မုနိုင်း၊ တောင်စွန်းကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ၊ မင်္ဂလာသုခ ကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြပြီး ကျောက်တိုက်တော်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ နန္ဒိယ ဖူးမျှော်ကြည်ညို၍ သာသနာရေးရာများ လျှောက်ထားခဲ့ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။















