
မော်လမြိုင်၊ မေ ၁၇
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန််ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့် အညီ စိုက်ပျိုးလယ်ယာမြေများအား ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံ၊ ရာသီ သီးနှံနှင့် စက်မှုကုန်ကြမ်း သီးနှံတို့အတွက် လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများ အတွက်လည်းကောင်း ဥပဒေနှင့်အညီ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့အား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေး တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်နိုင်ရေး ကြပ်မတ်ကြရန် လိုအပ်အလို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ဒေသခံ တောင်သူများအတွက် ဖော်ထုတ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိစွာအသုံးပြု လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိနိုင်ရေးအပေါ် ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ပြည်နယ်အတွင်း မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။




