
မော်လမြိုင်၊ မေ ၂၀
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားချိန်တွင် ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ စိမ်းလန်းစိုပြေမှုရှိစေရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်မာရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်လမြိုင်မြို့၊ ရွှေနတ်တောင် အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း တပ်မတော်သားများနှင့် ရပ်ကွက်နေပြည်သူများမှ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်၊ အခြေခံပညာ မူလတန်း (လွန်) ကျောင်း၌ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းအင်္ဂါရပ်များနှင့် ကိုက်ညီစေရေးအတွက် ကျောင်းအကျိုးပြု လုက်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာသင်ကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေစေရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။





